စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ မကျစေရေးအတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက အစွမ်းကုန် ခုခံနေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၈ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် ကောလင်းမြို့သို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခြင်းနှင့်လက်နက်ကြီးပစ်ကူပေးခြင်းတို့အပြင် မြေပြင်မှနေ၍ စစ်ကြောင်းထိုးနေကြောင်းမြေပြင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“စစ်ကြောင်းက မြို့ဆေးရုံအနောက်ထိရောက်တယ်။ဒါပေမဲ့ ဆက်ပြီး တိုးမလာရဲဘူး။လက်နက်ကြီးက တော့ ပစ်သလားမမေးနဲ့။ကောလင်းမြို့ကို ၂၄ နာရီ မီးဖြတ်ထားတယ်၊။ခုထိ မီးမလာသေးဘူး”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်၊ကိုးတောင်ဘို့မှ စစ်ကြောင်း ၁ ကြောင်းနှင့် ဝန်းသိုမြို့နယ်မှ စစ်ကြောင်း ၁ကြောင်းတို့ဖြင့် ကောလင်းမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရသည်။
“ကောလင်းမြို့ပတ်လည်မှာ တိုက်ပွဲတွေက ပစ်ခတ်မှုတွေရှိတယ်။စစ်တပ်ဘက်က တစ်နေကုန် ဖိနေတာ။မြို့ထဲတော့ရောက်နေတယ်။မြို့ကိုတော့ ပြန်မသိမ်းနိုင်ဘူး”ဟု Kawlin Revolution-KR မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဖေဖော်ဝါရီ ၆ ရက်နေ့မှစ၍ ကောလင်းမြို့နယ်ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရသည်။
ကောလင်းမြို့တိုက်ပွဲအတွင်း ကောလင်းခရိုင်တပ်ရင်း-၂ မှ ရဲဘော် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း-၂ ၊တပ်ရင်းမှူးထံက သိရသည်။
စစ်ကောင်စီတပ်သည် မြေပြင်သာလွန်အင်အားနှင့်အတူ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက် ကြီးဖြင့်လည်း ပစ်ခတ်ကာ ကောလင်းမြို့သို့ထိုးစစ်ဆင်လာကြောင်း ဖေဖေါ်ဝါရီ၈ရက်တွင် ကောလင်းမြို့တွင်းသို့ စစ်တပ်က ဝင်ရောက်လာနိုင်ပြီး တော်လှန်ရေးတပ်များက ခုခံတွန်းလှန်နေ ကြောင်း ကောလင်းမြို့၊မင်းတဲကြီးရပ်ကွက်သို့ ဝင်ရောက်လာသော စစ်ကြောင်းကို တော်လှန်ရေး တပ်များက လိုက်လံပစ်ခတ်ခဲ့ရာ ကောလင်းတောင်ဘက် ဆိုင်ဒူရွာသို့ ဆုတ်ခွာသွားပြီး ကောလင်း မြောက်ခြမ်းမှ တိုးလာသော စစ်ကြောင်းမှာ ကျွန်းလှခုံရွာအထိ ဆုတ်ခွာထားကြောင်း Kawlin Revolution က ဖေဖေါ်ဝါရီ၈ရက်ညတွင် ထုတ်ပြန်ထားသည်။