မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကုန်းသာရွာသို့ရောက်ရှိနေသော စစ်ကြောင်းသည် PDFများတိုက်ခိုက်မည်စိုးသဖြင့် ကင်းပုန်းထွက်လာစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ၈ဦးသေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၇ရက်၊နေ့ခင်း ၁၂နာရီဝန်းကျင်က ကုန်းသာရွာသို့ရောက်ရှိနေသော စစ်ကြောင်းသည် PDFများ တိုက်ခိုက်မည် စိုးသဖြင့် ရွာပြင်သင်္ချိုင်းကုန်းသို့ စစ်သား ၁၃ဦးအား ကင်းပုန်းစေလွှတ်လာစဉ် ဒရုန်းဖြင့် ဗုံး၁လုံးကြဲချခဲ့ရာ ကင်းပုန်းမဝပ်ဘဲ ထွက်ပြေးသွားကြောင်း မြင်းခြံခရိုင်တပ်ရင်း ၉ (Myingyan Black Tiger)အဖွဲ့ကထုတ်ပြန်သည်။
ယင်းစစ်ကြောင်းတွင် အင်အား ၇၀ဝန်းကျင်ပါရှိပြီး မြင်းခြံမြို့ပေါ်မှထွက်လာခြင်းဖြစ်ကြောင်းသိရသည်။
“ ပြန်ပစ်တာတော့မရှိဘူး။ ရွာထဲက အဆောက်အအုံကို ဝင်ပြေးသွားတယ်” ဟု မြင်းခြံခရိုင်တပ်ရင်း ၉ (Myingyan Black Tiger)အဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲကပြောသည်။
အဆောက်အအုံထဲသို့ ဝင်ပြေးသွားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂လုံးထပ်မံ ကြဲချခဲ့ရာ ၈ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံမျက်မြင်များမှတစ်ဆင့် အတည်ပြုနိုင်ကြောင်း မြင်းခြံမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ အိမ်က သွပ်မိုးနဲ့ ထရံအိမ်လေးပါ။ အဲ့ထဲကိုဝင်ပြေးတဲ့အချိန် ကျနော်တို့ လိုက်ပြီးထပ်ချတာ” ဟု ၎င်းပြောသည်။
ဖေဖော်ဝါရီ ၈ရက်၊ ညနေ ၃နာရီခန့်တွင် စစ်ကြောင်းနှင့်အတူ သေဆုံးနှင့်ဒဏ်ရာရ စစ်သားများကို မြင်းခြံမြို့ပေါ်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုများကို မြင်းခြံခရိုင်တပ်ရင်း ၉ (Myingyan black Tiger) ၊ မြင်းခြံခရိုင်အမှတ် ၁တပ်ရင်း (27 Revolution Force)၊ မြင်းခြံမြို့နယ်ပကဖ၊ Triger Brotherနှင့် မြစ်သား PDFတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံး၊ ဒဏ်ရာရရှိမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။