မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်နှင့် အမရပူရမြို့နယ်များတွင် ဖေဖော်ဝါရီ ၉ ရက်၊ နံနက် ၁ နာရီခွဲဝန်းကျင်အချိန်မှစ၍ ၄ နာရီအတွင်း မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့တွင် နေထိုင်သူများထံက သိရသည်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၈၃)လမ်း၊ (၂၂)လမ်း နှင့် (၂၃) လမ်းကြားရှိ သီရိမာလာအရှေ့ရပ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခုတွင် နံနက် ၁ နာရီ ၄၀ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
“ ဖုန်းကာဗာဆိုင်ရဲ့ အပေါ်ထပ်(၃)လွှာတိုက်ခန်းထဲမှာလောင်တာ ၊ Black Panther ဖုန်းကာဗာနှင့် Accessories ဂိုထောင်လောင်တာ” ဟု မီးလောင်ပြင်တွင်မီးငြိမ်းသတ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။
အဆိုပါမီးလောင်မှုသည် တိုက်ခန်းအတွင်းရှိ ပစ္စည်းများသာ လှိုက်လောင်နေခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့က Level- 2 အဆင့်သတ်မှတ်ငြှိမ်းသတ်ခဲ့ကာ နံနက် ၄ နာရီခွဲဝန်းကျင်တွင် အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အထက်ပါမီးလောင်မှုဖြစ်ပွားနေချိန် နံနက် ၃ နာရီဝန်းကျင်၌လည်း မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ၊ လေးစုရပ်ကွက်အတွင်း မီးလောင်မှုထပ်မံဖြစ်ပွားသဖြင့် အမရပူရမြို့နယ်၊ မီးသတ်စခန်းက မီးသတ်ယာဉ်များထွက်ခွာငြိမ်းသတ်ခဲ့ပြီး နံနက် ၃ နာရီကျော်တွင် မီးငြိမ်းသတ်နိုင်ကြောင်းသိရသည်။
“ လူနေအိမ်လောင်တာ၊ ခန့်မှန်းခြေ နေအိမ် (၂)လုံး လောင်တယ်” ဟု မီးသတ်ဦးစီးဌာန နှင့်နီးစပ်သူတစ်ဦးကဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်ကလည်း ချမ်းမြသာစည်မြို့နယ်၊ တောင်သစ်ရပ်ကွက်တွင် ဂက်စ်အိုးပေါက်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံးနှင့် ကားတစ်စီး မီးလောင်ပျက်စီးခဲ့သည်။