ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များနှင့် ကြံခင်းများကိုလိုက်လံမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရာရှိတစ်ဦး အပါဝင် ၄ ဦးသေဆုံးသွားကြောင်း ပုဝါနီစစ်ကြောင်းက ယနေ့ထုတ်ပြန်ထားသည်။
အင်အား ၆၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ပြည်သူပိုင်ပစ္စည်းများကို လိုက်လံဖျက်ဆီးနေသဖြင့် တော်လှန်ရေးရဲဘော်များက ဖေဖော်ဝါရီ ၇ ရက်၊ နေ့လည် ၁၂ နာရီအချိန်တွင် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုဝါနီစစ်ကြောင်းရှိ ရဲဘော်တစ်ဦးကပြောသည်။
“ကျွန်တော်တို့ စနိုက်ပါနဲ့ ၆ ချက်ပစ်တာ၊ ၄ ယောက်လဲကျသေဆုံးသွားတာမြင်ရတယ်၊ ၂ ယောက်ကတော့ဒဏ်ရာရသွားတယ်၊ သေသွားတဲ့အထဲမှာ တစ်ယောက်က အရာရှိလို့ယူဆရတယ်၊ ဘာလို့လဲဆိုတော့ ကျန်တဲ့လူတွေအလုပ်တွေလုပ်နေချိန်မှာသူက အေးအေးဆေးဆေး ထိုင်နေတာတွေ့ရတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထိုသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်းမှာ နောက်ကြောင်းကို ပြန်ဆုတ်သွားခြင်းကြောင့် သဖန်းဇင်ကျေးရွာသို့ တော်လှန်ရေးရဲဘော်များက နယ်မြေရှင်းလင်းရေးဝင်ရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ပြည်သူတွေတော့ မရှိဘူးရွာထဲမှာ၊ အကုန်ရှောင်နေရတာ၊ အိမ်တွေ ၁၉ လုံးမီရှို့ခံထားရတယ်၊ ပထမရက်က ၇ လုံးအရှို့ခံရသေးတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါစစ်ကြောင်းသည် ဖေဖော်ဝါရီ ၅ ရက်၊ ညနေပိုင်းမှစတင်ကာ ရွှေကဇောင်းကျေးရွာမှ သဖန်းဇင်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းချိန် တော်လှန်ရေးရဲဘော်များက မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့သေးကြောင်း ပုဝါနီစစ်ကြောင်းက ရဲဘော်ဒေါင်းမေက ပြောသည်။
“ရွာထဲရောက်သွားတယ် စစ်ကြောင်းက၊ ထိခိုက်သေဆုံးမှုတော့အတည်ပြုမရဘူး။ ညဘက် ဒီကောင်တွေ ရွာထဲကနေ စစ်တောင်းမြစ်ကမ်းနားကပ်လာလို့ ကျွန်တော်တို့ရဲဘော်တွေဝိုင်းပစ်သေးတယ်၊ သူတို့ကလဲလက်နက်ကြီးတွေနဲ့ပြန်ပစ်တယ်ဗျ၊ မိနစ် ၃၀ လောက်တော့ကြာမယ်၊ ညပွဲဆိုတော့ ထိခိုက်သေဆုံးတာ အတည်ပြုလို့မရဘူး”ဟု ရဲဘော်ဒေါင်းမေက ဆိုသည်။
ယခု စစ်ဆင်ရေးဖော်ဆောင်မှုအားလုံးကို ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ နေပြည်တော်PDF၊(၃၅၀၁)တပ်ခွဲ၄၊ တပ်ခွဲ ၃ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။