စစ်ကောင်စီ၏ တစ်ရွာလုံးနီးပါးမီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော မတူပီမြို့နယ်၊ ခြန်းပြန်း(ခ)ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အရေးပေါ်စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်လျက်ရှိကြောင်း တာဝန်ရှိသူများထံကသိရသည်။
ခြန်းပြန်း(ခ)ကျေးရွာကို မတူပီမြို့၊ ခလရ(၃၀၄)တပ်ရင်းက အင်အား ၂၀၀ ခန့်ဖြင့် ဖေဖော်ဝါရီ ၁ ရက်က စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် တစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ ခြန်းပြန်းရွာသစ်ရော၊ ရွာဟောင်းရောက ခုထိရွာထဲကိုပြန်မဝင်နိုင်သေးဘူး။ အခုထိစစ်ဘေးရှောင်နေရသေးတယ်။ ဘာလို့ဆို စစ်သားတွေကရွာထဲတွေမှာမိုင်းတွေထောင်ထားခဲ့တော့လေ ရှင်းပြီးမှပဲပြန်ဝင်နိုင်မှာ” ဟု မတူပီဒေသခံအမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
ယခင်ကလည်း ခြန်းပြန်းရွာဘက်သို့ စစ်ကြောင်းထိုးမှုများရှိခဲ့သော်လည်း နေအိမ်မီးရှို့ခြင်းနှင့် ကျေးရွာအတွင်းမိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိခြင်းကြောင့် စစ်ကောင်စီထွက်သွားသည်နှင့် ပြည်သူများက ကျေးရွာအတွင်းပြန်လည်ဝင်ရောက်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်သည် ဆုံးရှုံးမှုများစွာကြုံတွေ့ရသောကြောင့် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။
“ အရင်က ၂ ရက်စာ၊ ၃ ရက်စာလောက်စားနပ်ရိက္ခာတွေ သယ်ပြီးစစ်ရှောင်ကြပေမယ့် အခုကတစ်ရွာလုံးအိမ်တွေမီးရှို့ခံရတာတင်မကဘဲနဲ့ စားနပ်ရိက္ခာတွေ၊ ဆန်တွေ၊ ဆီတွေအကုန် သူတို့(စကစ)က ကားနဲ့လာသယ်ယူသွားကြတာလေ။ စစ်ရှောင်ရတာလည်း တစ်ပတ်ကျော်ပြီဆိုတော့ စားရေးသောက်ရေးကအစ၊ ဘာဆိုဘာမှမကျန်ခဲ့တဲ့အနေအထား၊ အကုန်လုံးကို လိုအပ်နေပါတယ်” ဟု ၎င်းကရှင်းပြသည်။
CDF (မတူပီ)ရဲဘော်များအနေဖြင့် ကျေးရွာအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားခဲ့သော မိုင်းများကိုရှာဖွေ၍ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြပြီး အန္တရာယ်ကင်းသည့်အခြေအနေရောက်မှသာ ပြည်သူများကို ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း CDF (မတူပီ)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိမ်းက MPA ကိုပြောသည်။
“ သူတို့(စကစ)ထွက်သွားပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့မိုင်းရှင်းလင်းရေးတွေဆက်တိုက်လုပ်နေပါတယ်။ ကျွန်တော်တို့ ရဲဘော်တစ်ယောက်လည်း သူတို့ထောင်ထားတဲ့မိုင်းထိပြီးတော့ ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတာရှိပါတယ်” ဟု ဆလိုင်းနိုင်ဂျွန်ကိမ်းကဆိုသည်။
ခြန်းပြန်း(ခ)ကျေးရွာသို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို CDF(မတူပီ)က မတူပီနှင့်ခြန်းပြန်း(ခ)ကျေးရွာကြားတွင် ဖေဖော်ဝါရီ ၁ ရက်က ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရှိရသည်။