ရန်ကုန်မြို့တွင် လောင်းကစားလုပ်ငန်းများကို စစ်ကောင်စီ၏ ညွှန်ကြားချက်အရ လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ နှစ်လုံး၊သုံးလုံး၊ဖဲဝိုင်းနှင့် ငါးဂိမ်းဆိုင်တို့ကို ဖမ်းဆီးအရေးယူရန် ဖေဖော်ဝါရီ ၂ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီက ညွှန်ကြားလာခြင်းဖြစ်ကြောင်း ဒဂုံမြို့မရဲစခန်း၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ တကယ်တော့ ရဲ ခွင်ကို ပိတ်တာပေါ့ဗျာ။တစ်မြို့နယ်ကို ၁၀ယောက်ကျော် အဖမ်းပြခိုင်းတာပေါ့။အခု နှစ်လုံး၊သုံးလုံးနဲ့ ဖဲဝိုင်းတွေ ငါးဂိမ်းဆိုင်တွေက သက်ဆိုင်မြို့နယ်ရဲစခန်းနဲ့ လိုင်းကြေးပေးပြီးဖွင့်ထားတာချည်းပဲလေ။အခုအဲ့လိုအမိန့်ထွက်လာတော့ လိုင်းကြေးပေးထားပေမယ့်လည်း ပတ်ဝန်းကျင်နဲ့ အဆင်မပြေ၊အသံထွက်တဲ့ ကျော်ကြား တွေကိုလိုက်ဖမ်းနေကြတာ” ဟု ၎င်းက ပြောသည်။
စမ်းချောင်းမြို့နယ်၌ ယခုလအတွင်း လောင်းကစားမှုနှင့် ပတ်သက်၍ ဖမ်းဆီးမှု ၃ကြိမ်လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း စမ်းချောင်းမြို့မ ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ ဒီနေ့(ဖေဖေါ်ဝါရီ၈ရက်) မနက် ၁၁နာရီလောက်ကတောင် စမ်းချောင်း ပန်းတနော်လမ်းက ချဲဒိုင်ကို ဝင်ဖမ်းသွားသေးတယ်။အဖမ်းခံရတဲ့ မိန်းမရဲ့ အိမ်က အာဏာမသိမ်းခင်ကတည်းက ချဲရောင်းတာ။ဒီနေ့အဖမ်းခံရတဲ့မိန်းမကလည်း ရဲနဲ့တော်တော်ပိုင်တာ။အဲ့ဒါကို အိမ်အထိသွားပြီး ဖမ်းတာ။အခု ၂၄ရဲစခန်း(စမ်းချောင်းမြို့မရဲစခန်း)ထဲမှာ ဖမ်းထားတယ်” ဟု ၎င်းက ပြောသည်။
အလားတူ အင်းစိန် နှင့် မင်္ဂလာဒုံမြို့နယ်ရှိ ငါးဂိမ်းဆိုင်များကို သက်ဆိုင်ရာ ရဲများက သတိပေးပြောဆိုကာ ယာယီပိတ်ခိုင်းထားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ မင်္ဂလာဒုံ၊နွယ်ခွေဘက်ခြမ်းမှာ ဂိမ်းဆိုင်တွေရှိတယ်။အင်းစိန်၊ ကမ်းနားဘက်နဲ့ အောက်လမ်းမှာရောပေါ့။အဲ့ဆိုင်တွေအရင်လို ပေါ်တင်မဖွင့်တော့ဘူး။လူရင်းတွေပဲ အဝင်ခံ၊အဆော့ခံတော့တယ်။ဂိမ်းဆိုင်ထဲဝင်ဖမ်းတာတော့ မကြားမိဘူး။ဒီဘက်မှာကြားတာဆိုလို့ ကြိတ်ဝိုင်း(လိုင်းကြေးမပေးသည့် အပျော်တမ်းဖဲဝိုင်း)တွေကို ဖမ်းတာပဲရှိတယ်။ဒါလည်း တစ်ခါ၊နှစ်ခါလောက်ပါပဲ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ရန်ကုန်မြို့ပေါ်ရှိ စစ်သားနှင့် ရဲများကို မဲစနစ်ဖြင့် ရွေးချယ်ကာ တိုက်ပွဲဖြစ်ပွားရာနေရာများ သို့ ပို့ဆောင်နေကြောင်း ရန်ကုန်မြို့ရှိ ရဲမှူးကြီးတစ်ဦးထံက သိရသည်။