ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ၃ရပ်ကွက်၊ သုခလမ်းရှိ စန်းရွှင် ဟိုတယ်ရှေ့တွင် ယမန်နေ့(ဖေဖော်ဝါရီ ၇ရက်)က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေး ၃ဦးအပါအဝင် ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရ သည်။
“ဟိုတယ် အရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကနေပဲ ဗုံးပေါက်ကွဲတာ၊ အရင်လလည်း အဲဒီလိုဖြစ်ဖူးတယ်။ ပြီးတော့ အရင်နှစ် ပေါက်ကွဲမှုဖြစ်တာလည်း ဆိုင်ကယ်ကနေပါပဲ၊ အလွယ်နည်းမရတော့ အကြမ်းနည်း သုံးကြတာပေါ့ဗျာ၊ ဒေသခံတွေပဲ ဒုက္ခရောက်တယ်”ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ လားရှိုးမြို့အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များကို လက်နက်ကိုင်အဖွဲ့တစ်ခုက အခွန်တောင်းခံသည့် စာရွက်များ ပေးခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။
“အခုလားရိူးမြို့ အနေအထားက ဘယ်သွားသွား၊ ဘယ်နေနေ သတိထားရတယ်။ စစ်တပ်ကတစ်မျိုး။ အခွန်နဲ့ ပတ်သတ်တာကလည်း တစ်မျိုးပေါ့နော်၊ စစ်တပ်ကလည်း ဖမ်းချင်သလိုဖမ်းတယ်။ သတ်ချင်သလိုသတ်နေတာ၊ ဥပဒေမဲ့နေပြီလို့ပဲပြောချင်ပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။
လားရှိုးမြို့အတွင်း ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို လက်ရှိအချိန် ထိ သိရှိရခြင်းမရှိသေးပေ။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လမှ ယခုနှစ် ဖေဖော်ဝါရီ ၇ ရက်အထိ လားရှိုးမြို့အတွင်း ဗုံးပေါက်ကွဲမှု ၁၅ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၀ ဦးထက် မနည်းသေဆုံးခဲ့ကာ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ရက်ကလည်း လားရှိုးမြို့၌ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ဖေဖော်ဝါရီ ၁ရက်နေ့တွင်လည်း လားရှိုးမြို့၊ ၈ရပ်ကွက်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။