မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ မြောက်ခင်ရန်းပျူစောထီးကျေးရွာအပါအဝင် ပျူစောထီးကျေးရွာ ၁၂ ရွာအတွက် လက်နက်ခဲယမ်းနှင့် ရိက္ခာများကို ဖေဖော်ဝါရီ ၇ ရက်၊ နေ့လည်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ဖြည့်တင်းပေးခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံက သိရသည်။
မြောက်ခင်ရန်းပျူစောထီးကျေးရွာတွင် ယောကာကွယ်ရေးတပ်(YDF)ရဲဘော် ၂ ဦးကို စစ်ကောင်စီနှင့်ပျူစောထီးများက အရှင်လတ်လတ်မီးရှို့သတ်ဖြတ်သည့် ရုပ်သံဖိုင်သည် ဖေဖော်ဝါရီ ၆ ရက်က အွန်လိုင်းစာမျက်နှာများတွင် ပြန့်နှံ့လာခဲ့ပြီးနောက် စစ်ကောင်စီက ယခုကဲ့သို့လက်နက်ခဲယမ်းနှင့်ရိက္ခာများ ဖြည့်ပေးခဲ့ခြင်းဖြစ်ကြောင်း ပျူစောထီးများနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက MPA ကိုပြောသည်။
“ ဟံသာဝတီ(ပျူစောထီးရွာ)ကို ကလေးမြို့ဘက်ကနေ ရဟတ်ယာဥ်နဲ့ မနေ့က ၃ ခေါက်လာချတာ။ သေနတ်အလက် ၂၀၀ ကျော်နဲ့ကျည်တွေ၊ ရိက္ခာတွေလဲပါတယ်။ မြောက်ခင်းရန်းကို PDF တွေလာတိုက်မှာစိုးလို့ လာဖြည့်တာထင်တယ်” ဟု ၎င်းကဆိုသည်။
လက်နက်ခဲယမ်းနှင့်ရိက္ခာများလာရောက်ဖြည့်တင်းသည့် ရဟတ်ယာဥ်မှာ ၂ စင်းဖြစ်ပြီး ကလေးမြို့သို့ပြန်လည်ထွက်ခွာသွားခြင်းမရှိဘဲ ဟံသာဝတီကျေးရွာမှာပင် ရှိနေသေးကြောင်း ဟံသာဝတီဒေသခံသတင်းရင်းမြစ်က MPA ကိုပြောသည်။
ဂန့်ဂေါမြောက်ပိုင်း၊ ပျူစောထီးကျေးရွာ ၁၂ ရွာက ပျူစောထီးခေါင်းဆောင်များသည် ဟံသာဝတီကျေးရွာ၊ ဘုန်းကြီးကျောင်းဝင်းအတွင်း အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ပျူစောထီးများက စားနပ်ရိက္ခာနှင့် လမ်းကြောပြန်ဖွင့်နိုင်ရေးကို အမြန်ဆောင်ရွက်ပေးရန် စစ်ကောင်စီအား ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။
“ အခု လေယာဥ်တွေလည်းမပြန်သေးတော့ စိုးရိမ်ရတယ်။ ပျူတွေစစ်ကြောင်းထိုးပြီး စစ်တပ်ကလေယာဥ်နဲ့ ပတ်ပေးမယ်လို့လည်း ကြားတယ်။ အနီးအနားကရွာတွေ သတိထားစေချင်တယ်” ဟု ဟံသာဝတီသတင်းရင်းမြစ်က ပြောသည်။
ဂန့်ဂေါမြောက်ပိုင်းရှိ ပျူစောထီးကျေးရွာများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တစ်နှစ်ခွဲနီးပါးကြာသည်အထိ နှစ်ဘက်ပိတ်ဆို့ထားခြင်းကြောင့် ပျူစောထီကျေးရွာများတွင် အခြေခံစားသောက်ကုန်များ ပြတ်လပ်နေခြင်းကို ကြုံတွေ့နေကြရပြီး ယခုလပိုင်းအတွင်း ဒေသခံအများအပြား ကာကွယ်ရေးတပ်ဖွဲ့များထံ ထွက်ပြေးခိုလှုံလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။