ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အတွင်းဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများ အနေဖြင့် ထွက်ပြေးချင်း သို့မဟုတ် နေအိမ်များသို့ ပြန်လာချင်းမရှိပါက ချိတ်ပိတ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ စစ်ကောင်စီက မြို့ထဲမှာဘဲဖြစ်ဖြစ်၊ ရွာထဲမှာဘဲဖြစ်ဖြစ်၊ စစ်ဖြစ်တဲ့အချိန်ထွက်ပြေးတဲ့အိမ်ကို ချိတ်ပိတ်မယ် ဘယ်မှထွက်ပြေးဖို့မကြိုးစားနဲ့ ဘယ်သူမှအားမကိုးနဲ့ သူတို့ကိုယုံကြည်လို့ရတယ်။ အားကိုးလို့ရတယ်ဆိုပြီး ရွာထဲမှာမိန့်ခွန်းပြောသလိုကိုပြောသွားတာ” ဟု ဆားပြင်ကျေးရွာနေ အမျိုးသားတစ်ဦးကပြောသည်။
ထို့ပြင် တောင်ကုတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဗုံးခိုကျင်းတူထားမှုများကို ပြန်လည်ဖို့ခိုင်းပြီး ပြန်လည်တူးဖော် ပါက အရေးယူမည်ဟု စစ်တပ်က ပြောဆိုခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
“ ဖေဖော်ဝါရီ ၄ ရက်နေ့ကတည်းက ဒီနေ့အထိ မြို့ထဲမှာ စစ်ကြောင်းနဲ့ကို ကင်းလှည့်နေတာ၊ လက်နက်အင်အားလည်းအပြည့်ပဲ၊ တိုက်ပွဲဖြစ်ရင် ဘယ်မှရှောင်မပြေးဖို့ ပြေးရင် ပြေးတဲ့အိမ်ကို ပြည်သူပိုင်အဖြစ်သိမ်းမယ် ဆိုတာကို ညတိုင်းကားနဲ့မြို့ထဲမှာ လိုက်လံကြေညာနေတာ” ဟု တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီက စစ်ဘေးရှောင်နေသူများ၏ နေအိမ်များကို ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်နေသဖြင့် စစ်ဘေး ရှောင်နေသည့် စစ်ရှောင်စခန်းမှ ပြည်သူအချို့သည် မိမိနေအိမ်များတွင် ပြန်လည်နေထိုင်နေရကြောင်း ချောင်းသုံးခွ ရွာသားတစ်ဦးကပြောသည်။
ယင်းအပြင် တောင်ကုတ်မြို့အတွင်း ကုန်းလမ်း၊ ရေလမ်း အဝင်အထွက် လမ်းများ၌ လုံခြုံရေးတိုးမြှင့်ထားခြင်း၊ ခရီးသွားရာတွင်လည်း ရပ်ကွက်လူကြီးထံမှ ထောက်ခံစာတောင်းခံနေရခြင်းများကြောင်း ကျန်းမာရေးအတွက် အရေးပေါ် သွားလာရန်ရှိသူများ အခက်အခဲဖြစ်ပေါ်နေကြောင်းလည်း ဒေသခံများက ဆိုသည်။
လက်ရှိတွင်လည်း တောင်ကုတ်မြို့အတွင်းသို့ ကုန်စည်တင်သွင်းခြင်းနှင့် ခရီးသွားလာခြင်းများ ကန့်သတ်ထားခြင်းကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အဆမတန်စျေးမြင့်တက်လျက်ရှိကြောင်းလည်း သိရသည်။