မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာတွင် ကတုတ်ကျင်းတူးနေသော စစ်သားများကို ၆ရက်တာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၃ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ကန်တော်ရွာတွင် တပ်စွဲရန် ရောက်ရှိနေသော တပ်မ- ၁၀၁မှ အင်အား ၁၀၀ဝန်းကျင်ရှိ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂ရက်နေ့မှ ၇ရက်နေ့အထိ ၆ရက်ကြာ ဗုံးသီး အလုံးရေ ၂၀၀ဝန်းကျင် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ျာထံမှသိရသည်။
“ ကန်တော်ရွာကို လာထိုင်တဲ့သဘော။ ပြည်သူတွေကလည်းမရှိတော့ဘူးလေ။ မရှိတဲ့ရွာကို လာထိုင်တော့ ၂ရက်နေ့ကတည်းက စချတာ။ ကတုတ်ကျင်းတွေဘာတွေတူးနေတာလည်း မြင်ရတယ်။ ၂ရက်နေ့ကနေ ၇ရက်နေ့ထိ ချတာ၊ စစ်သား ၁၃ေကာင်ဒဏ်ရာရတယ်” ဟု ဗိုလ်လကျာ်ကပြောသည်။
ယင်းစစ်တပ်သည် ဖေဖေါ်ဝါရီ ၁ရက်ကတည်းက ပခုက္ကူ တပ်မ- ၁၀၁မှ ကန်တော်ရွာသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
“ လာတာတော့ တပ်မ- ၁၀၁ကနေလာတာပေါ့ဗျာ။ ဒါပေမဲ့၊ ဘယ်ကနေဘယ်လိုစုသလဲတော့မသိဘူး။ မင်းဘူးတို့ ကျောက်ပန်းတောင်းတို့ မြင်းခြံတို့လို တပ်တွေကနေ စုတာဖြစ်နိုင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ဒဏ်ရာရ စစ်သားများကို ဆေးကုသရန်အတွက် ကမ္မမှ ပခုက္ကူသို့သွားသော ပြည်သူပိုင် သုံးဘီးကား ၁စီးနှင့် အိမ်စီးကား ၁စီးတို့အား ချောဆွဲကာ ဖေဖော်ဝါရီ ၇ရက်နေ့ ညနေပိုင်းက ပခုက္ကူမြို့သို့ပို့ဆောင်ခဲ့ကြောင်း မြိုင်ပကဖသတင်းပြန်ကြားတာဝန်ခံကပြောသည်။
“ ကမ္မဘက်ကနေသွားတဲ့ သုံးဘီးတွေ၊ ကားတွေရှိတယ်။ အဲဒါတွေကို ချောဆွဲပြီး လူနာတွေတင်သွားတာ။ ဆေးရုံပို့ဖို့ပဲများမှာ။ တပ်မထဲတော့ မပို့လောက်ဘူး” ၎င်းကပြောသည်။
ဖေဖော်ဝါရီ ၂ရက်နေ့မှ ၇ရက်နေ့အထိ ဒရုန်းဖြင့် ဗုံးကြဲခံရပြီးတိုင်း ယင်းစစ်တပ်က လက်နက်ကြီးဖြင့် ဘေးပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်မှုများရှိသော်လည်း PDF ရဲဘော်များအထိအခိုက်မရှိကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုများကို Black Cobra Pakokku၊ Pakokku Thurain၊ Kamma Under Ground Force၊ MRTF၊ People Defense Force Kamma၊ DMG (ဓားမင်းကြီးအဖွဲ့)၊ Pakokku People Defense Force၊ Nyso၊ Myaing UAV Fighter၊ The Red Revoltersနှင့် ဒို့ညီနောင်ပြောက်ကျားတပ်ဖွဲ့ (မြောင်)တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။