စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် People’s Healthcare Network (Kalay)က ကြီးမှူးသည့် အခြေခံရှေးဦးသူနာပြုစုခြင်းနှင့် လူထုကျန်းမာရေးစေတနာ့ဝန်ထမ်း အပတ်စဥ် (၅)သင်တန်း အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း တာဝန်ရှိသူများထံကသိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အဆိုပါသင်တန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းချိန်(၄၅)ရက် ကြာမြင့်ခဲ့ကာ သင်တန်းသားဦးရေ (၂၅)ဦး တက်ရောက်ခဲ့သည်ဟု PHN(Kalay)၏ တာဝန်ခံဆရာဝန် Dr Joshua က MPA ကိုပြောသည်။
“ သင်တန်းကို ကလေးမြို့နယ်ကျန်းမာရေးတာဝန်ခံနဲ့ PHN(Kalay)၊ CDM ဆရာ၊ ဆရာမတွေက သင်ကြားပို့ချပေးပါတယ်ဗျ။ ရည်ရွယ်ချက်ကတော့ စိုးမိုးနယ်မြေတွေ ပိုမိုရရှိလာတာနဲ့အမျှ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ပိုပြီးစနစ်တကျအားကောင်းကောင်းနဲ့ လုပ်ဆောင်နိုင်ဖို့အဓိကရည်ရွယ်ပါတယ်။
နောက် ကျန်းမာရေးလူသားရင်းမြစ်တွေမွေးထုတ်ပေးချင်တာရောပေါ့” ဟု ၎င်းကရှင်းပြသည်။
ယခင်သင်တန်းအပါတ်စဥ်များကို တောထဲ၌ကျင်းပပြုလုပ်ခဲ့ရသောကြောင့် အစားအသောက်၊ နေထိုင်ရေးပိုင်းတွင် ခက်ခဲမှုများစွာရှိခဲ့သော်လည်း ယခုအပတ်စဥ် (၅)သင်တန်းကိုမူ ရပ်ရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ၏ ပံ့ပိုးကူညီမှုကြောင့် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
“ သင်တန်းကာလအတွင်း စိုးရိမ်ရတာက လေကြောင်းတစ်ခုတော့ရှိခဲ့တာပေါ့” ဟု Dr Joshuaက ဆက်လက်ပြောသည်။
သင်တန်းအောင်မြင်ပြီးဆုံးသူများကို PHN(Kalay)၏ တောင်ပိုင်းတိုက်နယ်ဆေးရုံတွင် လက်တွေ့ training များပေးနေပြီး မြို့နယ်၊ ကျေးရွာဆေးပေးခန်းများ၊ ဆေးရုံများနှင့် လိုအပ်သည့်နေရာများတွင် လူထုကျန်းမာရေးစေတနာ့ဝန်ထမ်းအဖြစ် တာဝန်ချစေလွှတ်ရန် စီစဥ်ထားကြောင်း သိရသည်။
“ အခုတလောတော့ စစ်ရေးအနေအထားက နည်းနည်း အေးနေတယ်ဆိုရမှာပေါ့။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်လို့ အရပ်သားပြည်သူထိခိုက်သေဆုံးမှုတွေ၊ မိုင်းထိကြတာတွေတော့ ဆက်တိုက်ရှိနေတယ်” ဟု ကလေးမြို့နယ်တောင်ပိုင်းတွင်နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
PHN (Kalay) အနေဖြင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုသာမက အခြားသောပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း စဥ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပြီး ယခုလိုဆောင်ရွက်နိုင်ရန် အဘက်ဘက်ကကူညီပံ့ပိုးပေးကြသည့် မိဘပြည်သူများအား အထူးကျေးဇူးတင်ကြောင်း Dr Joshuaက ပြောကြားထားသည်။