ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)၊ ရခိုင်ရိုးလေးကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း DarkShadow တပ်ဖွဲ့၏ တာဝန်ရှိသူထံက MPA ကို ပြောသည်။
အဆိုပါရုံးကို ဖေဖော်ဝါရီ ၇ ရက်၊ ည ၇ နာရီကျော်က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြေပြင်တိုက်ခိုက်မှုအခြေအနေများကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
“ မနေ့က ည ၇ နာရီလောက်မှာပေါက်ကွဲသံအကျယ်ကြီးနဲ့ တုန်ခါသွားတာ သိလိုက်တယ်။ ဗုံးပေါက်တာမှန်း ကိုယ်က ထင်လိုက်ပေမယ့် သူတို့ရုံးက ဘာမှမဟုတ်ဘူး မီးလုံးပေါက်တယ်ဆိုပြီး လိမ်ပြောတယ်။ လူတွေလည်း ရုတ်ရုတ်သဲသဲတော့ ခဏဖြစ်သွားတယ်။ အထိအခိုက်တော့ မကြားဘူး” ဟု ရခိုင်ရိုးလေးကျေးရွာတွင်နေထိုင်သူတစ်ဦးက ပြောသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးရုံးသည် ရဲ၊ စစ်သားနှင့် ပျူစောထီးများအပြင် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချစုဝေးသည့် ရုံးဖြစ်သောကြောင့် စစ်ရေးပစ်မှတ်အနေဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ဖောက်ခွဲတိုက်ခိုက်မှုကို Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ အဲဒီရုံးမှာ အမြဲတမ်းရှိတာက ပျူတွေနဲ့ လူမိုက်တွေပဲရှိတာ။ အရပ်ဝတ်တွေကတော့ရှိနိုင်တယ်။ သူတို့ အခြေချတယ်ဆိုပေမယ့် တပ်စွဲထားတာမျိုးတော့ မဟုတ်ဘူး။ ပေါက်ကွဲချိန်က ရုံးဖွင့်ချိန်ပေါ့။ ဒါပေမယ့် ထိခိုက်သူမရှိဘူးလို့ သိရတယ်” ဟု အဆိုပါရုံးနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ရှင်းပြသည်။
လှိုင်သာယာတိုက်ခိုက်မှုမဖြစ်ပွားမီ ယင်းနေ့၊ မွန်းလွဲ ၂ နာရီအချိန်ကလည်း Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD အဖွဲ့တို့ပူးပေါင်း၍ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအောက်ရှိ စစ်ကောင်စီတပ်များနေထိုင်ရာဘန်ကာကို အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။
Dark Shadow တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သောနေရာများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုဝေးရာနေရာများကို တိုက်ခိုက်မည့် စစ်ဆင်ရေးများဖော်ဆောင်မည်ဖြစ်သောကြောင့် မြို့နေပြည်သူများအနေဖြင့် ရှောင်ရှားသွားလာကြရန် မေတ္တာရပ်ခံထားသည်။