ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLO/PNLA တို့ ယမန်နေ့(ဖေဖော်ဝါရီ ၆ရက်)က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈ဦးသေဆုံးပြီး၊ ၆ ဦးဒဏ်ရာရရှိခဲ့ကာ၊ ၂ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း PNLO က ယနေ့ထုတ်ပြန်ထားသည်။
ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် PNLO တပ်ဖွဲ့အား စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်က ချောင်းမြောင်းပစ်ခတ်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု PNLO နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“ စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်လာတယ်။ ပြီးတော့ ကြိုကြားကြိုကား ချောင်းမြောင်းတိုက်ခိုက်တာတွေလုပ်နေ တာ” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ၌ အလောင်း ၆လောင်း နှင့် သေနတ် ၅လက် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဆီဆိုင်မြို့ အခြေစိုက် ခမရ ၄၂၃တပ်အနီး ရေခပ်ဆင်းသည့် စစ်ကောင်စီတပ်သည် ၎င်းတို့ ကိုယ်တိုင်ထောင် ထားသည့် မိုင်းများကို နင်းမိပြီး စစ်သား ၂ဦးသေဆုံးကာ၊ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PNLO က ဆိုသည်။
“လိုင်းဖြတ်ခံရတော့ ဆီဆိုင်မြို့အခြေအနေကို မသိရတော့ဘူးရှင့်၊ တောင်ကြီးဘက် တိမ်းရှောင်နေရတယ်။ တိုက်ပွဲတော့ ဖြစ်နေတယ်လို့တော့ ပြောကြတယ်” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ရက်မှစတင်ကာ ဆီဆိုင်မြို့၌ စစ်ကောင်စီနှင့် PNLO တို့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်၊ ဇန်နဝါရီ ၂၈ ရက်တွင် PNLO ပူးပေါင်းတပ်က မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း ၅ကျောင်း၊ ဓမ္မာရုံ ၁ရုံ၊ ဘုရားရှိခိုးကျောင်း ၁ကျောင်း၊ စာသင်ကျောင်း ၁ကျောင်းနှင့် နေအိမ်အများအပြားပျက်စီးခဲ့ကာ၊ ဒေသခံ ၂ဦးသေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။