ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် CDM ဝန်ထမ်းများနှင့် ဒေသခံ အယောက် ၄၀ ဝန်းကျင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ထောက်ခံသူများဟုစွပ်စွဲကာ ဝေါမြို့ပေါ်အပါအဝင် ကျေးရွာ ၇ ရွာက ဒေသခံများကို ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်တို့တွင် စစ်တပ်ကလိုက်လံဖမ်းဆီးခဲ့ကြောင်း ရွာခံများကဆိုသည်။
ဝေါမြို့ပေါ်အပါအဝင် အုတ်ဖို၊ ပုဂံ၊ မြစ်ကျိုး၊ ဂွေ့ကြီး၊ အောက်ကွေ့၊ ဆပ်သွားချုံ၊ ဖိုးဦးစိန် စသည့် ကျေးရွာများအတွင်နေထိုင်သည့် ဒေသခံပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သုံးကားများဖြင့် နေအိမ်အသီးသီးသို့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ကလာရောက်ဖမ်းဆီးသည်ကို မျက်မြင်တွေ့ရှိခဲသည့် ဒေသခံများကဆိုသည်။
“စစ်ဝတ်စုံတွေနဲရော၊ အရပ်ဝတ်တွေရော ကားပေါ်မှာပါတယ်။ အဓိကထားဖမ်းတာက NLD ပါတီဝန်းရံသူတွေ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီအောင်နိုင်ရေးအတွက်တက်ကြွလှုပ်ရှားတဲ့လူတွေကိုရွေးဖမ်းသွားတာ၊ CDM ဆရာမတွေရော အဖမ်းခံရတယ်၊ အနည်းဆုံးအယောက် ၄၀ လောက်ရှိတယ်။ အများဆုံးအဖမ်းခံရတဲ့ရွာကတော့ ပုဂံရွာ၊ မြစ်ကျိုးရွာ”ဟု မျက်မြင်တွေ့ရှိခဲ့သည့် အသက် ၄၀ ကျော်အရွယ်ဒေသခံအမျိုးသမီးတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက နာမည်စာရင်းနှင်းတစ်ကွလာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး မတွေ့ရှိပါက နေအိမ်ရှိနေထိုင်သူကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“စာရင်းအတိကျနဲ့ကိုလာဖမ်းတာ၊ သူတို့ လာဖမ်းတဲ့အမျိုးသားအိမ်မှာမရှိရင် ကျန်ခဲ့တဲ့အမျိုးသမီးကိုဖမ်းသွားတာ၊ အိမ်တွေလည်းမွှေနှောက်ရှာတာ၊ ဖုန်းတွေက အစအကုန်သိမ်းသွားတာ၊ အားလုံးကို ၉၀၁ အမြောက်တပ်စစ်ကြောရေးကိုဖမ်းသွားတယ်ကြားတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ဖမ်းဆီးခံရသူများသည် တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိသည့် သာမာန်ပြည်သူတွေသာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း အညာစုနှင့် အထက်ဝိုင်းပါတ်ကျေးရွာများက ပြည်သူများကို ဖမ်းဆီးကာ ပြန်လွှတ်ပေးခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။
“သူတို့ထင်တာကတော့ PDF တွေနဲ့ အဆက်သွယ်လုပ်နေလား၊ ထောက်ပို့လုပ်နေလားဆိုပြီး လိုက်ဖမ်းနေတာ၊ အခုဖမ်းသွားတဲ့လူတွေက အဆက်သွယ်မရှိပါဘူး။ အရင်ရက်က ပြန်လွှတ်ပေးလိုက်တဲ့လူတွေလဲ ပိုက်ဆံပေးရလား၊ မပေးရလားတော့ အတိအကျမသိရဘူး။ သံကုန်ရွာမှာလဲ ပြီးခဲ့တဲ့နှစ်ပါတ်လောက်ကလူငယ် ၇ ယောက်ဖမ်းသွားတယ်၊ ပြီးတော့ စစ်သင်တန်းပို့လိုက်တယ်ကြားတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်များတွင်လည်း ယခုရက်ပိုင်းအတွင်း မြို့နယ်၊ ကျေးရွာများတွင်ရှိနေသည့် NLD ပါတီဝင်များနှင့် ဝန်းခရံသူများကို ဖမ်းဆီးရန် လှုံဆော်ရေးသားမှုများတွေ့ရှိရသည်။