လက်နက်နှင့်တကွ အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်ဖွဲ့ (SNA) မှ တပ်စိတ်မှူးကို ကျပ်သိန်း၃၀ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အခြေစိုက် ရှမ်းနီတပ်ဖွဲ့ (SNA) မှ တပ်စိတ်မှူးတစ်ဦးသည်ဖေဖေါ်ဝါရီ၁ရက်တွင် ခန္တီးခရိုင် အမှတ်-၃တပ်ရင်း (HPDF-124)တပ်ရင်း ထံ သို့ အလင်းဝင်လာခြင်းဖြစ်ကြောင်း HPDF-124 က ယနေ့(ဖေဖေါ်ဝါရီ၇ရက်)သတင်းထုတ်ပြန်သည်။
“ အစောပိုင်းက အလင်းဝင်လာဖို့ကို ဒရုန်းနဲ့ သတိပေးစာရွက်တွေ ကြဲချတယ်။ အခုက ချိတ်ဆက်ထားတာမျိုးမရှိဘူး။သူတို့ တာဝန်ယူထားတဲ့နယ်နဲ့ ကျနော်တို့ လှုပ်ရှားတဲ့ နယ်က မဝေးဘူး။ တကူးတက ချိတ်ဆက်တာမျိုးတော့မရှိဘူး။ SNA ကထွက်ပြေးလာပြီး ကျနော်တို့ဆီ အလင်းဝင်လာတာပါ” ဟု HPDF-124 ၏သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုချာလီက ဆိုသည်။
၎င်းသည် AK-22 ဒင်ခေါက်သေနတ်တစ်လက် ၊ ကျည်ဘောက် ၂ ခု နှင့် ကျည် ၁၅ တောင့်တို့ယူ ဆောင်လာကာ အလင်းဝင်လာခြင်းဖြစ်သည်။
“ ကျန်းမာရေးလည်း ကောင်းမွန်တယ်။ ကျနော်တို့ လက်ရှိ နေသလိုမျိုးပဲ တန်းတူသွားလာ စားသောက်နေတယ်။ ချုပ်နှောင်ထားတာမျိုးလည်း မရှိပါဘူး လွတ်လွတ်လပ်လပ်ထားတယ်။ ကျနော်တို့ စားနေသလိုမျိုး စားရတယ်” ဟု ကိုချာလီက ဆက်လက်ပြောသည်။
အလင်းဝင်လာသူ၏ အမည်နှင့် ကိုယ်ရေးအကျဉ်းကိုမူ လုံခြုံရေးအရ ထုတ်ဖော်ပြောကြားခြင်းမရှိ ပေ။
လက်ရှိတွင် SNA တပ်သည် ရပ်ရွာများအတွင်း မဝင်မနေရစနစ်ဖြင့် တပ်သားသစ် စုဆောင်းလျက်ရှိပြီး စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရသည်။
“ SNA ဆိုတာက ရှမ်းနီအမျိုးသားတပ်မတော်ပါ။ ရန်သူ မဟုတ်ပါဘူး ။စစ်ကောင်စီနှင့် မပူးပေါင်းဘဲ ပြည်သူကို ကာကွယ်ပေးပါ” ဟု ဟုမ္မလင်းအခြေစိုက် LPDF ရဲဘော်တစ်ဦးက ပြောသည်။
စစ်အာဏာရှင်ကို တော်လှန်ရာတွင် SNAတပ်သည် စစ်ရေးပစ်မှတ်မဟုတ်ကြောင်း အလင်းဝင်လိုသည့် မည်သူ့ကိုမဆို ဖိတ်ခေါ်လျက်ရှိကြောင်း HPDF-124 က ထုတ်ပြန်ထားသည်။