ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရဲစခန်းနှင့် ခလရ – ၇၃ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
ယနေ့(ဖေဖော်ဝါရီ၇ရက်) နံနက် ၃ နာရီဝန်းကျင်မှစတင်၍ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ ခလရ ၇၃- တပ်ရင်း၊ ဇရပ်ကြီးရဲစခန်း၊ ချောင်းခြားစခန်း၊ မြို့စိုးစခန်းနှင့် ရှားစေလိုစခန်း တို့ကို KNLA ၊PDFတော်လှန်ရေးပူးပေါင်းတပ်က တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းမြေပြင်စစ် ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ကျနော်တို့ တပ်ရင်းကတင် အကျက ၅ ယောက်ရှိတယ်။ဒဏ်ရာရတွေကလည်းတိုးနေတယ်။အကုန်လုံးစာ စာရင်းမရသေးဘူး”ဟု တော်ဝင်ဒေါင်းစစ်ကြောင်းမှရဲဘော် တစ်ဦးက ပြောသည်။
ဇရပ်ကြီးမြို့တွင် ပြည်သူအများအပြား ပိတ်မိနေပြီး တိုက်ပွဲဖြစ်ပွားရာမဟုတ်သည့် နေရာများကိုလည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ လုပ်ဆောင်နေကြောင်း သိရသည်။
“ကျနော်တို့ မနက်အစောကြီးကတည်းကစတိုက်တာပါ။တိုက်ပွဲက မပြီးသေးလို့ သတင်းကအတည်ပြုလို့မရသေးပါဘူး။အခု အားလုံးကိုအပြီးသတ်သိမ်းနိုင်ဖို့ နည်းနည်းပဲလိုပါတော့တယ်။ဗဟိုကင်းကို သိမ်းနိုင်ရင် အားလုံးကိုရပါပြီ”ဟု Spring Warriors Column မှ ရဲဘော်တစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို KNLA က ဦးဆောင်ပြီး BPLA၊ ရန်ကုန်မြောက် ပိုင်းခရိုင်ပကဖ၊ တော်၀င်ဒေါင်းစစ်ကြောင်း၊အာဠာ၀ကစစ်ကြောင်း၊ တောကျီးကန်း၊ Spring Warriors Column အပါဝင် PDF တပ်ပေါင်းစုံပါဝင်ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း စစ်သားများ သေဆုံး၊ထိခိုက်အခြေအနေကို အတည်မပြုနိုင်သေးပေ။