ပဲခူးတိုင်း၊ ဖြူးမြို့နယ်အရှေ့ဘက်ရှိ ကုန်အင်းကျေးရွာများကို စစ်ကြောင်ထိုးဝင်ရောက်သည့် စစ်ကောင်စီတပ်က ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံပြည်သူ ၂ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ရွာခံများကဆိုသည်။
ကုန်းအင်းကျေးရွာ အရှေ့၊ အနောက်၊ တောင် စသည့် ကျေးရွာများသို့ ဖေဖော်ဝါရီ ၄ ရက်ကစတင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် အနောက်ကုန်းအင်းကျေးရွာရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အသက် ၄၀ အရွယ် ရွာခံတစ်ဦးကပြောသည်။
“အနောက်ကုန်းအင်းရွာက အိမ်ခြေ ၆ လုံးလောက်မီးရှို့ခံရတယ်၊ နောက်နေ(ဖေဖေါ်ဝါရီ ၅) ကုန်အင်းတောင်ရွာကို စစ်ကြောင်းရောက်လာတယ်၊ ရွာသား ၂ ယောက်ကို ပစ်သတ်လိုက်တယ်၊ ဘယ်သူတွေဆိုတာတော့ သေချာမသိရသေးဘူး။ ရွာကိုလဲ မီးရှို့တယ်၊ တစ်ရွာလုံးနီးပါး လောင်သွားတယ်”ဟု ၎င်းကရှင်းပြသည်။
အဆိုပါစစ်ကြောင်းသည် ဖေဖောဝါရီ ၆ ရက်တွင် အရှေ့ကုန်းအင်းကျေးရွာသို့ ရောက်ရှိလာပြီး ဆက်လက်ချီတက်လာသဖြင့် တော်လှန်ရေးရဲဘော်များဖြင့် တိုက်ပွဲဖြစ်သွားခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးကဆိုသည်။
“ကုန်းအင်းအရှေ့ရွာကနေ စက်ကုန်းကို တက်လာတာ၊ အစ်ကိုတို့အဖွဲ့တွေ ကြိုစောင့်ပြီးပစ်တာ၊ ဘယ်လောက်ထိခိုက်သေဆုံးသွားလဲဆိုတာတော့အတိအကျမသိရသေးဘူး။ အခု အရှေ့ရွာထဲ ပြန်ဆုတ်သွားပြီး အထိုင်ချနေတယ်၊ အဲဒီရွာမီးရှို့ခံရလား၊ မခံရလားတော့သေချာမသိသေးဘူး”ဟု ၎င်းကပြောသည်။
စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာသည့် ကျေးရွာများအပြင် အနီးပတ်ဝန်းကျင်ကျေးရွာများတွင်နေထိုင်သည့် ပြည်သူများပါ ထွက်ပြေးတိမ်းရှောင်လာရခြင်းကြောင့် စစ်ဘေးရှောင်ဦးရေအလွန်များပြားနေပြီး အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများကို ကူညီစောင့်ရှောက်ပေးနေသူဖြစ်ဦးကဆိုသည်။
“ကုန်းအင်းရွာ ၃ ရွာအပါဝင်အနီးနားက စက်ကုန်းတို့၊ သပြေခင်တို့စတဲ့ရွာ ၅ ရွာက ပြည်သူတွေရှောင်လာကြတာ၊ နေရာ ၃ နေရာလောက်ခွဲထားတယ်၊ တစ်ချို့ကတော့ ဖြူးမြို့ပေါ်သွားတဲ့သူတွေလဲရှိတယ်၊ အခုကျွန်တော်တို့ ကယ်ဆယ်ရေးစခန်းမှာတောင် လူ ၂၀၀ ကျော်လောက်ရှိတယ်၊ ကျွန်တော်တို့စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေရော၊ ရွာသားတွေရော ဝိုင်းကူညီပေးနေရတယ်၊ စစ်ကြောင်းကလည်းရှိနေတော့ ရွာသားတွေမပြန်ရဲသေးဘူး။ အစားအသောက်၊ အဝတ်ထည်ဆေးဝါးတွေတော့ လိုအပ်နေတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်ကလည်း ကညွတ်ကွင်းမြို့၊ ဂုန်းတဲကျေးရွာအနီးရှိ၊ စစ်ကောင်စီကင်းစခန်း ၅ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ခန့်သေဆုံးသွားကြောင်း သိရသည်။