တရုတ်- မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင် ပြန်ပေးဆွဲမှုများ ပိုမိုဖြစ်ပွားလာကြောင်း ဒေသခံများက MPA ကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်တွင် အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ခြိမ်းခြောက် ပြီး ကျပ်သိန်း ၂၅၀ ပေးရန် တောင်းဆိုခဲ့ကြောင်း မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“မူဆယ်မှာက ခနခနဖြစ်တယ်။ အခုကတိုက်ပွဲဖြစ်နေတော့ လူတွေက သိပ်စိတ်မဝင်စားကြဘူး။ မူဆယ်နာရီစဉ်မှာ ကလေးတစ်ယောက်ပြန်ပေးဆွဲခံရတဲ့ဟာလည်း သိပ်မသိကြဘူးရယ်”ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ်မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလအထိ မူဆယ်မြို့နယ်အတွင်း ပြန်ပေးဆွဲမှု ၁၀မှုထက်မနည်း ဖြစ်ပွားခဲ့ပြီး ပြန်ပေးဆွဲ ခံရသူအများစုသည် တရုတ်ကလေးငယ်များဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ပြန်ပေးဆွဲခံရသူ အများစုသည် မူဆယ်မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့် ငွေကြေးချမ်းသာသူများ အဓိကထား လုပ်ဆောင်ခံနေရကြောင်း ပြန်းပေးဆွဲခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“သူခိုး၊ ဓားပြတော့မဖြစ်နိုင်ဘူး။ သေနတ်အရှည်နဲ့ လာတာ၊ လက်နက်ကိုင်ထဲက ပြည်သူ့စစ်တစ်ဖွဲ့ဖွဲ့ ဖြစ်နိုင်တယ်။ သူတို့က အနည်းဆုံး လူခြောက်ယောက်လောက်ပါတာ၊ တောင်းတဲ့ငွေလည်း နဲတာမဟုတ်ဘူး။ ရာချီ၊ ထောင်ချီကို တောင်းတယ်။ ပြီးရင် သတင်းတွေကို မဖြန့်ဝေဖို့၊ ဖြန့်ဝေရင် သတ်မယ်ဆိုပြီးကို ခြိမ်းခြောက်တာ”ဟု ပြန်ပေးဆွဲခံရသူနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ဆိုသည်။
ယခုကဲ့သို့ မူဆယ်မြို့နယ်အတွင်း မကြာခဏ ပြန်ပေးဆွဲခံနေရသောကြောင့် ငွေကြေးတတ်နိုင်သူများသည် ရန်ကုန်နှင့် မန္တလေးမြို့များသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်းလည်း သိရသည်။
မူဆယ်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က ထိန်းချုပ်ထားပြီး၊ တအာင်းတပ်မတော် TNLA ၊ ကချင်တပ်မတော် KIA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် ကိုးကန့်- MNDAA တို့ လှုပ်ရှားသည့်နယ်မြေတစ်ခုလည်း ဖြစ်သည်။