မကွေးတိုင်း၊ ရေစကြိုမြို့ထိပ်တွင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်မှူးချမ်းမြေ့အောင်သည် ပကဖ တို့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၅ရက်၊ ညနေ ၄နာရီဝန်းကျင်က ရေစကြို ခလရ-၂၅၈တပ်မှ ပြန်လာသည့် ရေစကြိုမြို့ နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်မှူး ချမ်းမြေ့အောင်လိုက်ပါလာသည့် အိမ်စီးကားကိုမြို့ အ ထွက်ဆိုင်းဘုတ်နား၌ အနီးကပ်စောင့်ဆိုင်းပစ်ခတ်ခဲ့ရာ ၎င်းအပါအဝင် စစ်သား၃ဦးသေဆုံး ကြောင်း ရေစကြိုမြို့နယ်ပကဖက ထုတ်ပြန်ထားသည်။
“ ရေစကြိုမြို့ပေါ်မှာနေတော့ တပ်ထဲသွားလိုက် မြို့ထဲပြန်လိုက်လုပ်နေတာ။ ညနေခင်းအပြန်မှာ တပ်နားက ဘီယာဆိုင်မှာ ဘီယာသောက်နေသေးတာ။ ကျနော်တို့ စောင့်နေတဲ့နေရာက ရဲစခန်းနဲ့လည်းနီးတယ်။ အသင့်စောင့်ပစ်တာပါ” ဟု ရေစကြိုမြို့နယ်ပကဖ၊ သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။
ယင်းကားပေါ်တွင် ဗိုလ်မှူးချမ်းမြေ့အောင်၊စစ်သား၃ဦးနှင့် ကားမောင်းသမားတို့ လိုက်ပါလာခြင်းဖြစ် ပြီး ကားသမားကို မထိသဖြင့် ကားအား ရေစကြိုမြို့မရဲစခန်းရှေ့အထိမောင်းသွားနိုင်သောကြောင့် လက်နက်များ မသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ မနေ့ကထိ ပခုက္ကူဆေးရုံကြီးထဲမှာ ဆေးကုသမှုခံနေတယ်လို့ သိရတယ်။ အဲ့ကနေမနိုင်လို့ ပခုက္ကူ -၂၅၉(ခလရ-၂၅၉)ထဲကိုပို့တယ်။ ဒီနေ့ မနက်ခင်းကျ နေပြည်တော်ကိုပို့တယ်လို့သိရတယ်။ နေပြည်တော်ရောက်တော့ သေသွားပြီလို့သိရတယ်” ဟု ၎င်းကဗိုလ်မှူးချမ်းမြေ့အောင်ကို ဆေးကုသမှုအခြေအနေအား ပြောသည်။
ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်သည် မြို့ထဲ၌ တပ်ဖြန့်ကာ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ရေစကြိုမြိုခံတစ်ဦးကပြောသည်။
“ ရေစကြိုမြို့ရဲ့ အကြီးဆုံးဆိုတော့ တစ်မြို့လုံး ဗြောင်းတွေဆန်ကုန်တာပဲ။ လက်နက်ကြီးတွေနဲ့ရမ်းထုတယ်။ တပ်တွေလည်းဖြန့်ထားတယ်” ဟု ၎င်းကပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၆ရက်) နံနက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားသည့်နေရာသို့ ဘုန်းကြီးသုံးပါးနှင့် စစ်သားများလာရောက်ကြောင်း သိရသည်။
“ ဘုန်းကြီး ၃ပါးရောက်လာတယ်။ စစ်သားတွေရောပဲ။ သရဏဂုဏ်တင်တယ်လို့ယူဆရတာပဲ။ အဲ့နားမှာ နည်းနည်းကြာကြာရပ်နေပြီး ပြန်သွားတာ” ဟု ၎င်းကပြောသည်။
ရေစကြိုမြိုနယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်မှူးချမ်းမြေ့အောင်သည် ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံတွင်နေထိုင်နေပြီး ဖေဖော်ဝါရီ ၅ရက်နေ့ နံနက်ပိုင်း၌ ကားဖြင့် ခလရ- ၂၅၈တပ်ထဲသို့သွားကာ ညနေပိုင်း မြို့တွင်းသို့ အပြန်၌ တိုက်ခိုက်ခံရခြင်းဖြစ်သည်။