မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်ရဲစခန်းထဲသို့ လက်နက်ကြီးကျည်၃လုံး ပစ်သွင်းနိုင်ခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၅ရက်၊နေ့ခင်းပိုင်းတွင် KNLAပူးပေါင်းတပ်ဖွဲ့ နှင့်အတူ စစ်ဆင်ရေး ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Yangon Eagles(EB) တပ်ဖွဲ့ထံ က ပြောသည်။
“ ၆၀(မမ) ၃ လုံးကို သိမ်ဇရပ်နယ်မြေရဲစခန်းထဲ ပစ်ထည့်တာပါ။စခန်းအတွင်းကျပါတယ်။အပြန်အလှန်ပစ်ခတ်မှုတော့ မရှိခဲ့ပါဘူး” ဟု Yangon Eagles (EB) တပ်ဖွဲ့၏ Leo (MO-7) က က ပြောသည်။
ယင်းတိုက်ခိုက်မှုကို KNLAတပ်ဖွဲ့က ဦးဆောင်ကာ IAF (Iron Adventures Force) ၊Yangon Eagles (EB)၊သိမ်ဇရပ် ပကဖ၊အင်းတကော်ပကဖ၊ကဝ ပကဖ နှင့် ရန်ကုန် မြောက်ပိုင်းခရိုင် ပကဖ တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် မြောက်ပိုင်းခရိုင် ပကဖ ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ပူးပေါင်းတပ်ဖွဲ့အနေနဲ့ လက်နက်ကြီး ထုပြီးမှ ဒရုန်းနဲ့ပစ်တာပါ။ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီးကြဲချခဲ့ပါတယ်။သေဆုံးထိခိုက်မှုကိုတော့အတည်မပြုနိုင်သေးပါဘူး” ဟု ၎င်းက ပြောသည်။
ယခုနှစ်ဖေဖော်ဝါရီအတွင်း Yangon Eaglesတပ်ဖွဲ့အနေဖြင့် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ဆင်ရေး ၃ခုလုပ်ဆောင်ခဲ့ပြီး စစ်သား ၃ဦးထက်မနည်းသေဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း Commander Leo (MO-7) က ပြောသည်။
“ ကျိုက်ထိုခရိုင်ထဲမှာဆို အခုလ(ဖေဖော်ဝါရီ)၁ရက်နေ့၊၂ရက်နေ့နဲ့ ၅ရက်နေ့က စစ်ဆင်ရေး ၃ခုလုပ်ခဲ့ပါတယ်။၂ရက်နေ့ကတော့ ထိတွေ့တိုက်ပွဲ ၄၅မိနစ်လောက်ဖြစ်ခဲ့ပါတယ်။ဒီလထဲ မစ်ရှင်တွေ ပိုလုပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ပြောသည်။
ဖေဖေါ်ဝါရီ၅ရက်နေ့ တိုက်ခိုက်မှုအတွင်း သိမ်ဇရပ်နယ်မြေရဲစခန်းမှ ရဲတပ်သား ၂ဦး ထိခိုက်ဒဏ်ရာရကာ ကင်းစခန်းအချို့ပျက်စီးခဲ့ကြောင်း MPAက စုံစမ်းသိရသည်။