စစ်ကောင်စီတပ် ရွာထဲဝင်လာစဉ် ထွက်ပြေးသော မြင်းခြံမြို့နယ်၊ကံစွယ်ရွာရှိ ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ၅ဦးသေဆုံးသွားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၅ရက်၊ နံနက် ၆နာရီဝန်းကျင်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သင်ပြွန်းလမ်းခွဲရောက်နေသော အင်အား ၅၀ဝန်းကျင်ပါစစ်ကြောင်းသည် ကံစွယ်ကျေးရွာသို့ ဝင်ရောက်လာစဉ် ထွက်ပြေးတိမ်ရှောင် သည့် ပြည်သူများအား ပစ်ခတ်သွားကြောင်း နွားထိုးကြီးမြို့နယ်ပကဖထံက သိရသည်။
“ စစ်ကြောင်းဝင်လို့ ထွက်ပြေးတာကို လှမ်းပစ်သတ်တာ။ သူတို့လာတာကို ရှောင်လို့ပေါ့ဗျာ ” ဟု နွားထိုးကြီးမြို့နယ်ပကဖ သတင်းပြန်ကြားတာဝန်ခံက ပြောသည်။
သေဆုံးသူများမှာ အမျိုးသမီး ၃ဦးနှင့် အမျိုးသား ၂ဦးတို့ဖြစ်ပြီး အသက်အရွယ်များကို အတည်မပြုနိုင်သေးသလို ရုပ်အလောင်းလည်းပြန်မရသေးကြောင်း သိရသည်။
စစ်ကြောင်းဝင်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေးနေကြသော်လည်း ကံစွယ်ကျေးရွာ ဘုန်ကြီးကျောင်းထဲ၌သာ တိမ်းရှောင်နေသော သက်ကြီးရွယ်အိုနှင့် ကလေးငယ် စုစုပေါင်း ၂၀၀ ခန့် မှာ စစ်တပ်၏ ဖမ်းဆီးခြင်းခံထားရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ တာဝန်ခံကပြောသည်။
“ သင်ပြွန်းလမ်းခွဲကိုရောက်နေတာ ၂ ရက်လောက်ရှိပြီ။ မြင်းခြံရဲစခန်းက ရဲတွေလည်းပါလောက် တယ်။ သက်ကြီးရွယ်အိုနဲ့ကလေးတွေက ထွက်မပြေးဘဲ ရွာဘုန်းကြီးကျောင်းမှာ ရှောင်ကြတာ။ အဲ့မှာအဖမ်းခံထားရတာ။ ဖုန်းတွေလည်းသိမ်းထားတယ်ပြောတယ်” ဟု ၎င်းကပြောသည်။
စစ်ကြောင်းဝင်ရောက်လာမှုကြောင့် ကံစွယ်ကျေးရွာအပါအဝင် ကျေးရွာ ၅ရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
ယင်းစစ်ကြောင်းသည် ယနေ့ (ဖေဖော်ဝါရီ ၆ရက်နေ့) နံနက်ပိုင်းတွင် ကံစွယ်ရွာကို မီးရှို့နေကြောင်းသိရသော်လည်း ပျက်စီးဆုံးရှုံးမှုအား အတည်မပြုနိုင်သေးပေ။