စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းကို ယမန်နေ့ (ဖေဖော်ဝါရီ ၅ ရက်)၊ မွန်းလွဲ ၂ နာရီခန့်က ဒရုန်း ၉ စီး အသုံးပြု၍ တိုက်ခိုက်ရာ စစ်သားနှစ်ဦးသေဆုံးကြောင်း People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
“ အထိုင်ချတပ်စွဲထားတာက နှစ်နှစ်လောက်ရှိပြီ၊ နှစ်ဦးသေတာကတော့ အတိအကျသိရပါတယ်။ စစ်ကောင်စီဘက်က ပြန်ပစ်ခက်တာမျိုးတွေရှိပေမယ့် ကျတော်တို့ဘက်က အထိအခိုက်မရှိခဲ့ပါဘူး” ဟု People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ မြင်းမူ၊ ချောင်းဦး၊ မုံရွာ တဆက်တည်းတွေပဲ၊ ရွာဘက်တွေတင်မကဘူး။ မြင်းမူမြို့ပေါ်ထိလည်း တိုက်ပွဲတွေရောက်လာပြီ၊ တစ်မြို့လုံး နီးနီး တော်လှန်ရေးအပေါ် စိတ်ရှိတယ်ဆိုတာ ဖေဖော်ဝါရီ ၁ ရက်နေ့က သက်သေပဲ” ဟု မြင်းမူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖလက်အောက်ခံ People’s knight Defense Force Myinmu (PKDF-MMU)၊ MMU – PDF၊ စစ်ကိုင်းခရိုင်တပ်ရင်း ၆ ခွဲ (၁)မြင်းမူ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ (Team6) Drop for justice ၊ People Securrity Force (Ayadaw)၊ Mine Prince(Ayadaw)၊ 3..star(Ayadaw)၊ကျားသစ်နက်(Ayadaw)၊ မုံရွာခရိုင် တပ်ရင်း ၂၁ ၊ နယ်မြေခံ PDF တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
“ ကျတော်တို့က စစ်ကောင်စီကို ရရာနည်းလမ်းနဲ့ အဆုံးစွန်ထိ တွန်းလှန်သွားမှာပါ၊ ရွာဘက်မှာက ပျူရွာနဲ့ စစ်ကြောင်းကို အဓိကထားတယ်၊ မြို့ပေါ်မှာတော့ ရဲစခန်း၊ ထွေအုပ်ရုံးတွေကတော့ အဓိက ပစ်မှတ်ပေါ့၊ လက်နက်မပြည့်စုံလည်း ရှိတာနဲ့ ဝင်တိုက်နေတာပဲ” ဟု ချောင်းဦးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်ကလည်း People’s knight Defense Force Myinmu (PKDF-MMU)နှင့် မဟာမိတ်တပ်ဖွဲ့များက ဆားတောင်မြို့မရဲစခန်းကို ဒရုန်းများဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့သေးသည်။