မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ အရာရှိ ၁ဦးအပါအဝင် စစ်သား၈ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၄ ရက်၊နံနက် ၈ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် မင်းတုန်းမြို့နယ်၊တိုင်တာကျေးရွာမှ ထွက်ခွာလာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းသည် PDFစခန်းကို ဝင်ရောက်စီးနင်းရန် ပိတ်ဆို့နေစဥ် Mgway PDF က ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား၁ဦးသေဆုံးခဲ့ကြောင်း လက်နက်အင်အားမမျှသဖြင့် Mgway PDF ယာယီ စခန်းစီးနင်းမီးရှို့ ခံရပြီး ကျပ်သိန်း ၄၀၀ ခန့်ဆုံးရှုံးခဲ့ ကြောင်း Magway PDF ထံကသိရသည်။
“သူတို့က တိုင်တာရွာမှာ ပျူစောထီးဖွဲ့ဖို့ ဆွေးနွေးမှုတွေလုပ်ပြီးမှ ၇ မိုင်လောက်ကွာတဲ့ မိုးသောက်ရွာကို လာတာမှာ ကျနော်တို့က လမ်းက နေဖြတ်တိုက်တာ။သူတို့ဘက်က လက်နက်ကြီးနဲ့ပစ်တယ်။ အင်အားကလည်းများတော့ ကျနော်တို့ စခန်းကို မကာကွယ်နိုင်တော့ဘဲ စခန်းကိုစွန့်လိုက်ရတာ” ဟု Magway PDF တာဝန်ခံ ရဲဘော်ဗဟိန်း ကပြောသည်။
စခန်းစီးနင်းခံရမှုကြောင့် ဆိုင်ကယ် ၈ စီး၊ဆန်အိတ် ၃၀ ၊မီးစက် ၁ လုံး၊ ဖုန်း ၁၁ လုံး၊အခြေခံစားသောက်ကုန်၊ဆေးဝါး၊အဝတ်အစား၊ခဲယမ်းနှင့်စစ်အသုံးဆောင်ပစ္စည်းအချို့ ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေ၃ နာရီခန့်က မင်းတုန်းမြို့နယ်၊ကျောက်ဖျာလည်ကျေးရွာသို့ရောက်ရှိလာကာ ပျူစောထီးသင်တန်းတက်ရန် စည်းရုံး ပြီးနောက် Faw ကား ၂ စီးဖြင့်ထွက်ခွာလာစဥ် ဘိုင်းကျေးရွာနှင့်အောင်ချမ်းသာကျေးရွာကြား၌ PDF တို့က ခြုံခိုတိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၇ ဦးသေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရရှိခဲ့သေးကြောင်းသိရသည်။
“ပျူစောထီးရွာနဲ့ပျူစောထီးသင်တန်းတက်ဖို့ စစ်တပ်က လာစည်းရုံးတာ။ဒီဘက်မှာက တချို့ရွာတွေက စစ်တပ်ကလာရင် ထမင်းကျွေးမွေးတာတွေလည်းရှိတယ်။Magway PDF စခန်း ကိုလည်း ဒေသခံ ၁ ကောင် လမ်းပြလို့ သိရပြီး စခန်းမီးရှို့ခံရတာ”ဟု ဒေသခံPDFရဲဘော် တစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် အောင်ချမ်းသာကျေးရွာရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းများ လုယက်၍ ညအိပ်စခန်းချခဲ့ကြောင်းသိရသည်။
ယင်းစစ်ကြောင်းသည် ယနေ့ (ဖေဖော်ဝါရီ၅ရက်)တွင် သမင်ကတုပ်ရွာ ဘုန်းကြီးကျောင်း၌ စခန်းချနေပြီး မင်းတုန်းမြို့ပေါ်မှ လက်နက်ကြီးအပါအဝင် ခဲယမ်းနှင့်ရိက္ခာများ Faw ကား ၁ စီးဖြင့် လာရောက်ပို့ဆောင်သွားကြောင်းသိရသည်။
ဖေဖေါ်ဝါရီ၂ရက်နေ့ တိုက်ခိုက်မှုကို Magway PDF၊Uper Minhla PDFနှင့် Key Of Revolution တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။