မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှည်းဘီး ကျေးရွာတွင် ခလရ ၂၅၈ မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၍ စစ်သား ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်၊ နံနက်ပိုင်းက ရေစကြိုမြို့ ခလရ ၂၅၈ မှထွက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား နံနက် ၁၀ နာရီခန့်မှ စ၍ လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပကဖ) သတင်းပြန်ကြားက MPA ကို ပြောသည်။
“ သူတို့ ဘယ်ကို ဦးတည်ပြီး ထွက်လာလဲဆိုတာတော့ မသိရဘူး။ နံနက် ၁၀ နာရီကနေ ညနေ ၆ နာရီလောက်အထိတောက်လျှောက် ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂၀ ထက်မနည်းချခဲ့တယ်။ နောက်ပြီး လက်နက်ကြီးနဲ့ ပစ်တယ်” ဟု ၎င်းကဆိုသည်။
ယင်းစစ်ကြောင်းသည် ကျောက်လှည်းဘီးရွာအရောက်တွင် ထမင်းဟင်းချက်ရန် ပြင်ဆင်နေချိန်တွင် အီနာဂါဗုံးသီးလေးလုံးချ၍ တိုက်ခိုက်ခဲ့သဖြင့် စစ်သား ၂ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိကြောင်း ၎င်းကရှင်းပြသည်။
“ သူတို့က ကျောက်လှည်းဘီးရွာမှာ နားပြီး ပြည်သူတွေအိမ်တွေက ကြက်တွေခိုး ၊ ဆန်တွေနဲ့ ချက်ပြုတ်နေတဲ့နေရာတည့်တည့်ကို ဗုံးသီး ၄ လုံးချခဲ့တယ်။ ဒီကောင်တွေထိတာမှ ရွာထဲ သွေးကွက်တွေ အများကြီးပဲ။ နယ်မြေရှင်းလင်းရေးဝင်တော့ တွေ့တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါစစ်ကြောင်းကြောင့် ကျောက်လှည်းဘီးကျေးရွာအပါအဝင် ကျေးရွာ ၆ ရွာ ၊ လူဦးရေ ၁၀၀၀ ခန့် စစ်ရှောင်နေရကြောင်း ဒေသခံပြည်သူတစ်ဦးကပြောသည်။
“ စစ်ကြောင်းက ပြန်ပြီလို့တော့ ကြားပေမဲ့ မသေချာသေးလို့ အခုထိ ရွာပြန်မကပ်ရဲသေးဘူးဗျ “ ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂ ရက်ကလည်း ရေစကြိုမြို့နယ်၊ ဇီးတောပျုရွာကို မောင်းသူမဲ့လေယာဉ်များဖြင့် အီနာဂါဗုံးသီး ၅ လုံးချကာ တိုက်ခိုက်ခဲ့သေးသည်။
ယင်းတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပကဖ) နှင့် ပခုက္ကူ ခရိုင် တပ်ရင်း ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။