တနင်္သာရီတိုင်း၊ ရေး-ထားဝယ်ကားလမ်းပေါ် ရှိ စစ်ကောင်စီ ၄၁၀ ခြေမြန်တပ်ရင်းကို ဝေဟင်မှ SFZ Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၇ ဦးခန့်ဒဏ်ရာရရှိသွားကြောင်း ဒေါနစစ်ကြောင်းက ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါစစ်ဆင်ရေးကို ဖေဖေါ်ဝါရီ ၂ ရက်၊ နံနက် ၈ နာရီခွဲအချိန်က ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(Dawei Defense Team (DDT တပ်ခွဲ-၃)နှင့်ပူးပေါင်းကာ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ဗုံးနှစ်ခါ ကြဲတာ အချိန်သိပ်မကွာဘူး ၁၅ မိနစ်လောက်ပဲ၊ သေတာက ၃ ယောက်၊ ဒဏ်ရာရတာက ၇ ယောက်၊ မြေပြင်သတင်းအရသိရတာပါ၊ အဲဒိီအထဲမှာ အရာရှိပါလား မပါလားဆိုတာတော့သေချာမသိရဘူး၊ လက်နက်တိုက်လည်းထိတယ်ကြားတယ် ပေါက်ကွဲတာ၊ မီးလောင်တာတော့မရှိဘူးတဲ့”ဟု စစ်ဆင်ရေးတွင်ပါဝင်သည့်ဒေါနစစ်ကြောင်း တပ်ခွဲ ၄ ရှိ ရဲဘော်တစ်ဦးက ပြောသည်။
ဗုံးလာကြဲသည့် ဒရုန်းအား စစ်ကောင်စီတပ်က လက်နက်ငယ်များနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးဖြင့်လည်း (၁၅)ကြိမ်မနည်း ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။
“သူတို့က(၄၀၁ခြေမြန်တပ်ရင်း)လက်နက်ကြီးနဲ့ ကျွန်နော်တို့ရှိမယ့်နေရာ မှန်းပြီး ပစ်နေတာပေါ့၊ ကျွန်နော်တို့ဘက်ကတော့ ထိခိုက် မှုမရှိပါဘူး၊ ပြည်သူတွေ နေအိမ်တွေဘက်လဲ ကျရောက်ပေါက်ကွဲတာမရှိပါဘူး၊ ကျွန်နော်တို့ကို ရွာတွေဘက်လဲဆင်းရှာတယ်၊ တောထဲတွေလဲ ဒီကောင်တွေလိုက်ရှာနေတယ်ကြားတယ်”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်ကလည်း ရေးတံတာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား ဒေါနစစ်ကြောင်းစနိုက်ပါတပ်စုက သွားရောက်ပစ်ခတ်ရာ ရဲတစ်ဦးသေဆုံးသွားကြောင်း သိရသည်။