ရန်ကုန်မြို့၊အောင်မင်္ဂလာအဝေးပြေးကားဝင်း မီးလောင်မှုကြောင့် လူ ၃ဦးသေဆုံးပြီး ကျပ်သိန်းထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ကနဦးသတင်းအရ သိရသည်။
ယနေ့ နံနက် ၅နာရီ ၅မိနစ်ခန့်က ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ ပစောက်ဝင်း၊တနင်္သာရီလမ်းတွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး နံနက် ၅နာရီ ၄၈မိနစ်ကျော်၌ မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
“ ပစောက်ဝင်းထဲက စပြီးလောင်တာ။စလောင်တဲ့အခန်းက လူမရှိဘူး။ပိတ်ထားတယ်လို့ ကနဦးစစ်ချက်အရသိရတယ်။လူသေဆုံးမှုက ၃ဦးတည်းပါ။ရွှေလင်းယုန်ကားဂိတ်က အခန်းထဲမှာ အလောင်း ၃လောင်း တွေ့ပါတယ်။ဘယ်သူတွေလဲဆိုတာ အတည်ပြုနေတုန်းပါ။ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ” ဟု ၎င်းက ပြောသည်။
ယင်းမီးလောင်မှုကြောင့် အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ရွှေယုန်လေး၊ သိန်းသန်းကျော်၊ ဝင်း၊ ရာဇာမင်း၊ အောင်ကျော်ဇော၊ ရွှေလင်းယုန်နှင့် မန္တလာမင်းကားဂိတ် အပြင် ဆိုင်ခန်း ၁၀ခုထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ယင်းကားဝင်းအတွင်းရှိ ကားလက်မှတ်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ကားလက်မှတ်ရောင်းတဲ့ဂိတ်တွေရော၊ပစ္စည်းထားတဲ့ နေရာတွေရောပေါ့။ ၂ထပ်တိုက်ခန်းတွေပဲ စုစုပေါင်း ၇ခုလောက်ပါသွားတယ်” ဟု ၎င်းက ပြောသည်။
အောင်မင်္ဂလာအဝေးပြေးကားဝင်းမီးလောင်မှုကြောင့် သေဆုံးသူများကို အတည်ပြုနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။