ကရင်နီပြည်နယ်၊ဒီမော့ဆိုမြို့နယ်၊ဒေါအီရှိကျေးရွာနှင့်လွိုင်နန်ဖကျေး စာသင်ကျောင်းကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့်လေကြောင်းတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျောင်းသား ၄ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကြောင်းသိရသည်။
ယနေ့(ဖေဖော်ဝါရီ၊၅ရက်) နံနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် စတင်၍ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ၃ ကြိမ်တိုင်တိုင် ဂျက်ဖိုက်တာ ၂ စင်းဖြင့် လွိုင်နန်ဖ ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“လွိုင်နန်ဖ ကျောင်းကို ဂျက်ဖိုက်တာ ၂ စင်းနဲ့ လာပစ်တာ။စာသင်ကျောင်းမှာက ကျောင်းသားတွေ အများကြီးပဲရှိတယ်။လေယာဥ်နဲ့လာပစ်လိုက် လက်နက်ကြီးနဲ့ ပစ်လိုက် သုံးကျော့လောက်ရှိတယ်။လေကြောင်းပစ်တာကတော့ အစုံပဲ ပစ်တာကတော့ စက်သေနတ်နဲ့လည်းပစ်တယ်။ရော့ကတ်ရော၊ဗုံးသီးရောပစ်တယ်။လက်နက်ကြီး ၁၂၀ မမနဲ့လည်း ပစ်တယ်။ကျောင်းသား ၄ ဦးသေဆုံးတယ်။ဒဏ်ရာရတာကတော့ ၉ ဦးမှာ ဆရာ ၁ ဦးပါတယ်။ထပ်တိုးနိုင်ချေလည်းရှိတယ်။လွိုင်နန်ဖကျောင်းဘက်ကိုလည်း ကြဲတယ်လို့ ကြားတယ်။ကျနော်တို့နဲ့က အတော်ဝေးတော့ အတိ့အကျမသိရသေးဘူး”ဟု စစ်ဘေးရှောင်ကူညီသူ တစ်ဦးကပြောသည်။
လွိုင်ကော်မြို့ပေါ်မှလည်း လွိုင်နန်ဖ အထက ကျောင်းကို လက်နက်ကြီး(၁၂၀ မမ)ဖြင့် ပစ်ကူပေးခဲ့သေးသည်။
“ဒီမနက် လွိုင်နန်ဖ ကိုလေယာဥ်လာကြဲတယ်။စာသင်ကျောင်းကို ကြဲတာ။အလုံး ၃၀ လောက်ရှိတယ်။ကင်းထောက် ၁ စီးက အရင်လာဝဲတယ် ပြီးမှ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီး စက်သေနတ်တွေနဲ့ ပစ်တာ။ဒေါအီရှီ မှာ တိုက်ပွဲလည်းမဖြစ်ဘူး။စာသင်ကျောင်းမှာက ကျောင်းသားတွေပဲရှိတာ”ဟု Loikaw Local PDF မှ ရဲဘော် တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ဒီမော့ဆိုမြို့နယ်၊ဒေါရိုအီကျေးရွာရှိ စာသင်ကျောင်းကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရပေမယ့် MPA အနေဖြင့်သီးခြားအတည်မပြုနိုင်သေးပေ။