မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စံပြရွာရှိ စစ်ကောင်စီအထိုင်ချစခန်းအား ဝင်ရောက်တိုက်ခိုက်စဉ် ကျဆုံးသွားသော ကာကွယ်ရေးရဲဘော်အတွက် လက်တုန့်ပြန်သည့်အနေဖြင့် မစ်ရှင် ၂ ခုဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့်တင်ဆောင်ကာ မြင်းခြံမြို့မှထွက်လာသည့် စစ်ကောင်စီကားကို ဖေဖော်ဝါရီ ၃ ရက်၊ နံနက်ပိုင်း၌ ကန်ရွာနှင့် ကန်နှောင်းရွာအကြားတွင် ပဒေသာမိုင်း ၁၀ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက MPA ကိုပြောသည်။
“ မိုင်းဆွဲတော့ သူတို့က နွားထိုးကြီးမြို့ထဲကို ဆက်မသွားဘဲ သာယာကုန်းရွာနားမှာ ၁၅ မိနစ်လောက်ရပ်နေပြီး PDF တွေရှိနိုင်မယ်လို့ထင်တဲ့ တောစပ်တို့ ဘေးနားပတ်ဝန်းကျင်တို့ကို ၆၀ မမနဲ့ ၂ ကြိမ်၊ နောက်ပြီး လက်နက်ငယ်တွေနဲ့ တောက်လျှောက်ပစ်တာဗျ” ဟု ၎င်းကရှင်းပြသည်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီး အဆိုပါစစ်ကောင်စီကားသည် မြင်းခြံမြို့အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားပြီး စစ်သား ၂ ဦးသေဆုံးကြောင်းကို တပ်တွင်းသတင်းအရင်းအမြစ်၏ သတင်းပေးပို့မှုအရ အတည်ပြုနိုင်ကြောင်း ၎င်းက ဆိုသည်။
ထို့နောက် ဖေဖော်ဝါရီ ၃ ရက် ညနေ ၃ နာရီခွဲအချိန်တွင် ရေစကြိုမြို့ ၊ ကပ်ကျောင်းဘုန်းကြီးကျောင်းတွင် အထိုင်ချထားသော စစ်ကောင်စီစခန်းအား ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ ကျွန်တော်တို့က အနီးကပ်ဆုံး ကပ်သွားပြီး ဝင်ပစ်ခဲ့တာဗျ။ အရင်ဆုံး ၄၀ မမ တစ်လုံးပစ်တော့ သူတို့နားနေဆောင်ထဲ ကွက်တိကျပြီး သွပ်ပြားတွေပါလန်သွားတာ။ နောက်ပြီး လက်ပစ်တစ်လုံး ထပ်ပစ်ခဲ့တာ” ဟု တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီစခန်းအတွင်းမှ လက်နက်ငယ်များဖြင့် ၁၀ မိနစ်ခန့် ပစ်ခတ်မှုများရှိခဲ့သော်လည်း ပြည်သူများ အထိအခိုက်မရှိကြောင်း၊ ဒဏ်ရာရရှိသူ ၂ ဦးကို ယင်းစခန်းမှာပင် ဆေးကုသနေသည်ဟုသိရကြောင်း ၎င်းကပြောသည်။
အထက်ပါစစ်ဆင်ရေးနှစ်ခုကို မြင်းခြံမြို့နယ်၊ စံပြတိုက်ပွဲတွင် ကျဆုံးသွားသည့် Myingyan Black Tighter ကရဲဘော်ကုလားလေး ( ခ ) ဝိုင်းချစ်မင်းအတွက် လက်တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း Myingyan Black Tighter က ရဲဘော်တစ်ဦးက ဆိုသည်။
“ ၂ ရက်နေ့က တိုက်ပွဲမှာကျသွားတာပါ။ သူက သေနတ်တက်ကောက်တာ။ တက်ကောက်ရင်းနဲ့ နောက်ပြန်အဆုတ်မှာ ကျသွားခဲ့တာပါ။ စခန်းထဲထိကိုရောက်သွားတော့ ရုပ်အလောင်းပြန်မရခဲ့ဘဲ ဒီအတိုင်း သူ့ရဲ့ယူနီဖောင်းရယ် ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ပဲ သင်္ဂြိုလ်ပေးခဲ့ရတယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှု့များကို Myingyan Black Tiger(MBT) နှင့်အတူ MDY-PDF (မန္တလေးခရိုင်ရင်း- ၃ ) ၊ TPG ပြောက်ကြားတပ်မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။