စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ PDF ဂိတ်ေဟာင်းနှစ်ခုကို စစ်တပ်က Mi 35ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သွားကြောင်းသိရသည်။
ယနေ့(ဖေဖော်ဝါရီ ၅ရက်) နံနက် ၁၁နာရီဝန်းကျင်က ဆားလင်းကြီးမြို့နယ်၊ရေခါးကျေးရွာနှင့် ချောင်းနက်ကျောင်းကျေးရွာအနီးရှိ PDF စစ်ဆေးရေးဂိတ်ေဟာင်းေနရာတို့ကို စစ်တပ်က ၁၅မိနစ်ကျော်ကြာ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရသည်။
” တိုက်ပွဲမဟုတ်ဘူး။ ဒီအတိုင်းပဲ နမခကနေ တက်လာပြီး လမ်းပေါ်မှာရှိတဲ့လုံခြုံရေးဂိတ်တွေကို လေကြောင်းနဲ့ဝင်ပစ်သွားတာ။ ဂိတ်နှစ်ခုက မနီးမဝေးမှာရှိတာ။ ဒီအတိုင်းပဲသတင်းရလို့ထင်တယ်။ ဘာလို့ဆို ဒီဘက်မှာ စစ်ကြောင်းတွေဘာတွေလည်းမရှိဘူး” ဟုဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးရဲဘော်များရော ပြည်သူများပါ ထိခိုက်မှုမရှိကြောင်းသိရသည်။
” အရင်ဂိတ်ဟောင်းနေရာတွေကို ပစ်သွားတာ။ ပျက်နေတဲ့ကားတစ်စီးက အဲ့နားမှ ရပ်ထားတာ။ အဲ့ဒါကို ဂိတ်ထင်ပြီးပစ်သွားတာ ထင်တယ်” ဟု ဆားလင်းကြီးမြို့နယ်၊ တိုက်နယ် ၆၊ သတင်းပြန်ကြားတာဝန်ခံ ကိုသူရကပြောသည်။
စစ်ကြောင်းဝင်လျှင် ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်မှုများပြုလုပ်လေ့ရှိသည့်နေရာဖြစ်သဖြင့် လမ်းကြောင်းရှင်းသည့်သဘော ပစ်ခတ်သွားခြင်းလည်း ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
စစ်တပ် ပစ်ခတ်သွားသည့် နေရာများသည် ယခင်က သမန်းကျားပြောက်ကျားတပ်ဖွဲ့၏ ဂိတ်နေရာများဖြစ်ကြောင်းသိရသည်။