ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်တပ်အရာရှိနေအိမ်များကို PDF ပူးပေါင်းတပ်ဖွဲ့များဝင်ရောက်ရှင်းလင်းရာ အမျိုးသမီးလိင်ဖျော်ဖြေရေးကိရိယာမျိုးစုံ၊ တရားမဝင် ကားလိုင်စင်ကဒ်ပြားများ၊ ပြည်ပဘဏ်စာအုပ်များ၊ စာရွက်စာတမ်းများနှင့် အောက်လမ်းယတြာများ တွေ့ရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
PDF များနှင့် မဟာမိတ်တပ်ဖွဲ့များ သိမ်းပိုက်ထိန်းသိမ်းထားသည့် ကော့ကရိတ်မြို့တွင်းရှိ စစ်တပ်အရာရှိပိုင်နေအိမ်များကို ဖေဖော်ဝါရီ ၃ ရက်တွင် တော်လှန်ရေးရဲဘော်များက ဝင်ရောက်ရှင်းလင်းရာမှ အထက်ပါပစ္စည်းများကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ ရန်သူရဲ့ အရင်စိုးမိုးနေရာတွေကိုတော့ ရသင့်သလောက်ရအောင် တိုက်ပွဲဖော်နေကြတယ်။ အခြေအနေတွေ မြေပြင်မှာ တိုးတက်မှုရှိပါတယ်။ အခုလည်း အရာရှိတွေ ထွက်ပြေးကုန်ကြတယ်လေ။ ကျန်တာတော့ အများကြီးပြောမရလို့ပါ” ဟု မြေပြင်ရှိတော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။
အဆိုပါ စစ်တပ်အရာရှိပိုင်အိမ်မှသိမ်းဆည်းရရှိခဲ့သည့် စာရွက်စာတမ်းများတွင် ငွေတိုးချေးထားသော စာရွက်စာတမ်းစာရင်းများနှင့် ကားအရောင်းအဝယ်စာချုပ်စာတမ်းများလည်း ပါဝင်ကြောင်း သိရသည်။
“ ဒီရက်ပိုင်း တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်ကြားလို့ မြို့ထဲပြန်ဝင်ဖို့တောင် သွားမရဲသေးဘူး။ ကျွန်မတို့ စစ်ရှောင်နေရတာ ကြာပြီဆိုတော့ အိမ်အခြေအနေသွားကြည့်ပြီး အိမ်မှာနေလို့ ရရင်လည်း ပြန်နေလိုက်ကြမလို့လေ။ စစ်ရှောင်တော်တော်များများလည်း အဲ့ဒီလိုပဲ တိုင်ပင်နေကြတာ။ သူများအရပ်မှာ စစ်ရှောင်ရတာက ရေရှည်ဆို ဘယ်အဆင်ပြေကြတော့မလဲ” ဟု ကော့ကရိတ်မြို့မှ စစ်ဘေးရှောင်လာသည့်အမျိုးသမီးတစ်ဦးက ဆိုသည်။
ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီတပ် အရာရှိစစ်ဗိုလ်များသည် ခေတ်အဆက်ဆက် တရားမဝင်သောလုပ်ငန်းပေါင်းစုံဖြင့် စီးပွားရှာကာ ကြီးပွားချမ်းသာလျက်ကြောင်းလည်း သိရှိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်ကလည်း တော်လှန်ရေးပူးပေါင်းတပ်များက ကော့ကရိတ်မြို့နယ်၊ ၈ တိုင်နှင့် ၉ တိုင် ကြား၌ နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် လာရောက်ထောက်လှမ်းသော စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် စစ်သား ၃ ဦးအား ဖမ်းဆီးရမိခဲ့ပြီး KNDO တပ်ရင်း ၆ သို့ သုံ့ပန်းဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့သေးသည်။