တနင်္သာရီမြို့နယ်၊ ဘန်လောအရှေ့ကမ်းရွာအနီးတွင် ဇန်နဝါရီလဆန်းပိုင်းက ၃ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဗိုလ်မှူး ၁ ဦးနှင့် အရာရှိ ၅ ဦး အပါအဝင် ၂၂ ဦး သေဆုံးသွားခဲ့ကြောင်း မြိတ်ခရိုင်၊ တပ်ရင်း ၂ ၏ သတင်းပြန်ကြားတာဝန်ရှိသူထံက သိရသည်။
ဘန်လောအရှေ့ကမ်းရွာအနီး ၅၊ ၆ မိုင်ဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများအား ရက်ဆက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားကာစစ်ကောင်စီတပ်က လေကြောင်းပစ်ကူများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ၎င်းကဆိုသည်။
“ ၃ ရက်လုံးမှာ တိုက်ပွဲက နေ့စဥ်ဖြစ်ပါတယ်။ စကစ ဘက်ကအင်အား ၈၀ ကျော်ပါတယ်။ အဓိကတော့ သူတို့ နယ်မြေလှုပ်ရှားတယ်လို့သိရပါတယ်ဗျ။ ထိခိုက်၊ သေဆုံးတာကတော့ အတွင်းသတင်းနဲ့ ဒေသခံတွေဆီက အတည်ပြုသိရှိရတာပါ” ဟု မြိတ်ခရိုင်၊ တပ်ရင်း ၂ ၏ သတင်းပြန်ကြားတာဝန်ရှိသူက ရှင်းပြသည်။
တိုက်ပွဲဖြစ်ပွားရာနေရာမှ စစ်ကောင်စီတပ်သားများ အသုံးပြုသော လက်ပစ်ဗုံး ၁ လုံးနှင့် ၅.၅၆ ကျည် အတောင့် ၅၀၀ ကျော်ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
“ မနေ့ ၂ ရက်နေ့က လေကြောင်းနဲ့ လာပစ်တာပါ။ အခြေနေက သူတို့ဘက် တော်တော်အထိနာပြီး ပြန်ဆုတ်သွားပါတယ်။ တိုက်ပွဲအတွင်း အခက်အခဲကတော့ အရန်ကျည်လိုအပ်ချက်ရှိခဲ့ပါတယ်ဗျ” ဟု မြိတ်ခရိုင်၊ တပ်ရင်း ၂ ၏ သတင်းပြန်ကြားတာဝန်ရှိသူက ဆက်လက်ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ ဖြစ်သည့် မြိတ်ခရိုင်တပ် ရင်း၂ ၊ တပ်ခွဲ ၁၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့ (SWDF) နှင့် မြိတ်မြို့နယ် (ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ စစ်ကြောင်း ၁ နဲ့ တိုက်ပွဲဖြစ်တာပါ။ အစဖြစ်တာက ညောင်ပင်ကွင်းရွာအခြေစိုက်ခမရ ၅၆၁ တပ်ရင်းကို သွားပစ်တာပေါ့။ စကစဘက်ကအထိခိုက်များပြီး အင်အားထပ်ဖြည့်ပြီးတော့ ဘန်လောရွာဖက်ကို စစ်ကြောင်းထိုးလာတာပါ။ အဲ့ဒီမှာ ထပ်ပြီးတိုက်ပွဲဖြစ်ခဲ့တာ။ လေကြောင်းပစ်ကူကဖေဖော်ဝါရီ ၂ ရက်နေ့၊ နေ့လယ်ပိုင်းမှာ ဗုံးကြဲပါတယ်။ ဘန်လောရွာကိုတော့ ၉ လုံးကြဲပြီး ကျွန်းစုမြို့နယ်၊ မင်းဂုတ်ရွာကိုတော့ ၆ လုံး ထပ်မံကြဲသွားတယ်” ဟု မြိတ်မြို့နယ် ပ.က.ဖ တာဝန်ခံက ဆိုသည်။
တနင်္သာရီမြို့နယ်အတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေအရ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ကြရန် မြိတ်ခရိုင်တပ်ရင်း၂ က အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်ကလည်း တနင်္သာရီမြို့နယ်၊ ဘန်လောအရှေ့ကမ်းရွာအနီး ၆ မိုင်ကို စစ်ကြောင်းထိုးလာသောစစ်ကောင်စီစစ်ကြောင်းအား မြိတ်ခရိုင်တပ်ရင်း၂ နှင့်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သဖြင့် စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သေးသည်။