တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ရွှေပြည်အေးမြို့ ကို လာရောက်တိုက်ခိုက်သည့် စစ်ကောင်စီတပ်မှာ သေဆုံးထိခိုက်မှုများဖြင့် ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။
တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့ကို စစ်ကောင်စီတပ်နှင့်စစ်တပ် လက်အောက်ခံ ရှမ်းနီတပ်မတော်(SNA) စုပေါင်းအင်အား ၄၀၀ ဝန်းကျင်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖေဖေါ်ဝါရီ ၃ရက်တွင် တပ်ပျက်ကာ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
“မြို့ကို ဝင်ဝင်ချင်း ကျနော်တို့က ကြားဖြတ်တိုက်ခိုက်တာ။စတိုက်တဲ့နေ့မှာကိုပဲ သူတို့(စကစ)ဘက်က စစ်ဦးကျိုးပြီး တပ်လန်ပြီးပြန်ဆုတ်သွားတယ်။ကျနော်တို့တပ်တွေအကုန်လုံးကလည်း သူတို့ကို ပြန်ဝိုင်းထားလိုက်တယ်။နောက်ထပ် ၂ ကြိမ် ထပ်ထိုးပြီး တိုက်စစ်ဖွင့်တယ်။ကျနော်တို့က ခံပစ်ပြီး ဟန့်တားနိုင်တယ်။မနေ့က(ဖေဖော်ဝါရီ၃ရက်)သန်းခေါင်လောက်မှာ သူတို့တပ်တွေ အကုန်ပြန်ဆုတ်သွားတယ်”ဟု ခန္တီးခရိုင် အမှတ် ၂ PDF တပ်ရင်း -ဟုမ္မလင်း မှ ဒုတပ်ရင်းမှူး ရဲဘော် ရှမ်းကြီး ကပြောသည်။
ရွှေပြည်အေးမြို့တွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဥ် စစ်သား အလောင်း ၇ လောင်း၊ သေနတ် ၃ လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရရှိကာ ရွှေပြည်အေးမြို့ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်ထားနိုင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်သားများ ဆုတ်ခွာရာ လမ်းကြောင်းများကို တော်လှန်ရေး တပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်လျက်ရှိသည်။
“ဟုမ္မလင်းမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်တယ်။Mi-2၊ဂျက်ဖိုက်တာနဲ့ပစ်တယ်။ဟုမ္မလင်းလေတပ်ကနေပြီး ရဟတ်ယာဥ်နဲ့ ရိက္ခာ၊ကျည်ထောက်ပို့ပေးတယ်။သူတို့ ဘယ်လောက်ပဲ ထောက်ပို့ကောင်းကောင်း မြို့ကို မထိန်းချုပ်နိုင်ဘူး” PDF တပ်ဖွဲ့ဝင် တစ် ဦး ကပြောသည်။
ရွှေပြည်အေးမြို့ကို ဇန်နဝါရီလ ၁၃ ရက်နေ့မှ စ၍ စစ်ကောင်စီတပ် နှင့် SNA ပူပေါင်းအဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ရက်ရှည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုများကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခန္တီးခရိုင် တပ်ရင်းများနှင့် ပကဖ အဖွဲ့များက ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။