စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊နဂါးတွင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အို အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်းသိရသည်။
ယနေ့(ဇန်နဝါရီ ၃ရက်)ညနေ ၄နာရီ ၂၂မိနစ်ခန့်ကမုံရွာမြို့အဝင်၊ မအူဂိတ်မှထွက်လာသော အင်အား ၈၀ပါစစ်ကြောင်းသည် နဂါးတွင်းရွာထိပ်၌ ဒေသခံ PDF တို့၏ တိုက်ခိုက်ခြင်းခံရပြီး အထိနာကာ နဂါးတွင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးထံကသိရသည်။
“ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတစ်ဦး အိမ်ထဲမှာ ကျန်နေတာ။ မီးလောင်တဲ့အထဲပါသွားပြီး ဆုံးသွားပါပြီ” ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံကပြောသည်။
ယင်းစစ်ကြောင်းသည် PDFတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံခဲ့ရပြီး စစ်သား၅ဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ ရွာအဝင်မှာ ထိတွေ့တိုက်ပွဲဖြစ်တာ။ မိုင်းဆွဲတာမဟုတ်ဘူး။ Gun နဲ့ပစ်တာ။ မျက်မြင်ကို ၅ယောက်လောက်သေတယ်ပြောတယ်။ အထိနာလို့ မအူဂိတ်ကနေလည်း လက်နက်ကြီးပစ်ကူပေးတာတွေရှိတယ်” ဟု၎င်းကပြောသည်။
ယင်းစစ်ကြောင်း မီးရှို့မှုကြောင့် နဂါးတွင်းရွာအတွင်းရှိ နေအိမ် ၅၀ကျော် မီးလောင်ပြာကျခဲ့ကြောင်းသိရသည်။
“ တစ်အိမ်စီကို ဝင်လိုက်ထွက်လိုက်ရှို့တာ။ ရှို့ပြီးတော့ ပြန်ဆုတ်ပြေးတာပဲ” ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံက ပြောသည်။
စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် နဂါးတွင်းကျေးရွာအပါအဝင် ရွာ ၁၀ရွာရှိ ဒေသခံ ၃၀၀၀ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
ယင်း စစ်ကြောင်းသည် ယနေ့ ညနေ ၅နာရီ ၁၆မိနစ်ခန့်က တောပုပျူစောထီးကျေးရွာသို့ ဝင်ရောက်သွားကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ