KNU၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မိတန်ကျေးရွာ စာသင်ကျောင်းဝန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနှင့် လူနေအိမ်ချို့ထိမှန်ပျက်စီးခဲ့ကြောင်း ဒူးပလာယာခရိုင်-သတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံက သိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်၊ မနက် ၁နာရီ ၂၀ မိနစ်တွင် စစ်ကောင်စီတပ်၏ နေပြည်တော်လေတပ်မှ Yak-130 Jet Fighter လေယာဉ်ဖြင့် မိတန်ကျေးရွာ စာသင်ကျောင်းဝန်းသို့ ပေါင် ၅၀၀ ဗုံး (၃) လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“ ဒီကတော်လှန်ရေးတပ်ဖွဲ့တွေက သူတို့လို စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေမှာ လိုက်ပြီးနေရာယူနေတယ် အထင်နဲ့ လေယာဉ်နဲ့ လာပစ်တယ်။ ပြည်သူတွေက ကြိုတင်ရှောင်နေကြပြီဖြစ်တဲ့အတွက် ထိခိုက်ဒဏ်ရာရတဲ့သူတော့ မရှိပါဘူး” ဟု ဒူးပလာယာခရိုင်-သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်များသည် ကျိုက်ဒုံမြို့အနီးရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေသည့်အတွက် ကျေးရွာများ၌ နေထိုင်သည့် ပြည်သူ ၂ သောင်းကျော် တိမ်းရှောင်နေရကြောင်းလည်း သိရသည်။
“ ကျိုက်ဒုံမြို့ အနီးအနားက တစ်ချို့ရွာတွေတော့ ကြိုရှောင်ထားတာကြာပါပြီ၊ အခုထိရှောင်နေရဆဲပါပဲ၊ တစ်ချို့ဆို နယ်စပ်ဒုက္ခသည်စခန်းတွေမှာ သွားရှောင်နေကြတယ်။ နေ့စဉ်ညတိုင်းလိုလို လက်နက်ကြီးနဲ့ ပစ်နေတော့ ရွာသားတွေလဲ မနေရဲတော့ဘဲ ရှောင်ကြရတယ်” ဟု ဒူးပလာယာခရိုင်-သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆက်ရှင်းပြသည်။
ထို့ပြင် ဇန်နဝါရီလ ၂၁ ရက်၊ ည ၇ နာရီ ၅၀ မိနစ်တွင်လည်း စစ်ကောင်စီ၏ ကျိုက်ဒုံမြို့အခြေစိုက်ဗျူဟာမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျိုက်ဒုံမြို့အနီး ပိုးရေးကျေးရွာတွင်နေထိုင်သော အသက် ၄၂ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
“ ကျိုက်ဒုံမြိုက စကစရဲ့ တပ်စခန်းနဲ့ ဗျူဟာတွေကို ကျတော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ သွားပစ်တာမျိုးရှိတယ်။ အဲ့ဒီမှာ သူတို့က လက်နက်ကြီးတွေနဲ့ ကျိုက်ဒုံမြို့အနီး ကျေးရွာတွေထဲကို ရမ်းသမ်းပစ်ရော၊ အဲ့ဒီလို မဆိုင်တဲ့ ပြည်သူတွေရှိရာကို မဲတာက သူတို့လုပ်နေကြပဲလေ” ဟု မြေပြင် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း KNU၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ တောင်ပိုင်းကျေးရွာများကို စစ်ကောင်စီက Yak-130 Jet Fighter လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကာ လူနေအိမ်အချို့ ထိမှန်ပျက်စီးခဲ့သေးသည်။