တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း လောင်းလုံးမြို့နယ် ပ.က.ဖက ယမန်နေ့ (ဖေဖော်ဝါရီ ၂ရက်)တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ရက်၊ မနက် ၆နာရီခန့်တွင် အင်အား ၃၀ဝန်းကျင်ရှိ မောင်းမကန်နယ်မြေရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊လက်နက်ငယ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁နာရီကျော်ကြာမြင့်ခဲ့ကြောင်း လောင်းလုံးမြိုနယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ဟိုဘက်(စစ်ကောင်စီ)က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ပြန်ပစ်တယ်။ သင်္သောနဲ့လည်းစစ်ကူပစ်ပေးတယ်။ ပွဲစကတည်းက သင်္ဘောကအနီးတဝိုက်မှာရှိနေတာ၊ ပစ်ရင်းကပ်ကပ်လာတာ၊ ၇နာရီလောက်မှာ ကျတော်တို့ပြန်ဆုတ်လာတယ်။ သေဆုံးနဲ့ ဒဏ်ရာရတာတွေကို အတွင်းသတင်းအရ အတည်ပြုလို့ရတယ် “ ဟု ၎င်းကပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မောင်းမကန်မြို့အတွင်း စစ်ကြောင်းထိုးမှုများပြုလုပ်ခဲ့ပြီး ရဲစခန်းပတ်လည်၌လည်း မိုင်းများထောင်ထားခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။
“ နောက်ရက်တွေမှာ စစ်တပ်က စစ်ကြောင်းထိုးပြီးတော့ မောင်းမကန်ရဲစခန်းအနီးအနားပတ်ဝန်းကျင်မှာ မိုင်းတွေထောင်တာတွေ့တယ်” ဟု ၎င်းကပြောသည်။
အထက်ပါတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဇုန်-(၁) ရွှေသောင်ယံတပ်စု၊ ထားဝယ်ခရိုင်တပ်ရင်း(၁) Sky Ghost Drone Force ၊ ထားဝယ်(ပကဖ) Hornet UAV Force DPDO နှင့် နဂါးနီပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ရက်၊ မနက် ၈နာရီတွင်လည်း မောင်းမကန်ရဲစခန်းအား လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ အဆောက်အအုံတစ်လုံးနှင့် စစ်ကောင်စီဘက်က သုံးဦး ဒဏ်ရာရရှိခဲ့သေးသည်။