စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားကျေးရွာသို့ လက်နက်ကြီးကျ၍ ပြည်သူ ၂ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ( ဖေဖော်ဝါရီ ၃ရက် )၊ မနက် ၁နာရီခန့်တွင် ရွှေဘိုလေ့ကျင့်ရေးတပ် (၈) က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ရွှေဘိုအနောက်ခြမ်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ရွှေဘိုမြို့နယ်၊ တိုက်နယ် ၁ မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
“ ဟောင်ဝစ်ဇာနဲ့ပစ်တာ ၄လုံးပစ်တာဗျ၊ တစ်လုံးက လေထဲမှာတင် ကွဲပြီး ကျန် ၃လုံးက ကျားကျေးရွာထဲကို ကျတာဗျ။ ညကြီးဆိုတော့ အကုန်အိပ်နေကြတာ၊ ဘာတိုက်ပွဲမှမရှိဘဲ ရည်ရွယ်ချက်ရှိရှိကိုပစ်တာပါ “ ဟု ၎င်းကပြောသည်။
ထိုကဲ့သို့ လက်နက်ကြီးကျရောက်မှုကြောင့် ကျားကျေးရွာမှ အသက် ၁၅နှစ်အရွယ် မအေးမြတ်မွန်နှင့် အသက် ၃၅နှစ်အရွယ် ကိုကုလားတို့ အသက်သေဆုံးခဲ့ရကာ အခြားအမျိုးသမီး ၂ဦးလည်း ဒဏ်ရာ( မစိုးရိမ်ရ ) ရရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
“ ကောင်မလေးက ခြေထောက်နှစ်ဖက်ပြတ်ပြီး နဖူးဒဏ်ရာနဲ့ နောက်တစ်ယောက်က ဗိုက်ပွင့်သွားပြီး အူတွေပါ ထွက်ကျတယ်။ နှစ်ယောက်လုံး ညတွင်းချင်း ဆုံးသွားတာပါ၊ လက်နက်ကြီးကျတဲ့အိမ်နှစ်အိမ်လုံးလဲ စုတ်ပြတ်သတ်သွားတာပါပဲ “ ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျားကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်မှ ကျေးရွာ ၅ရွာခန့် ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း အမည်မဖော်လိုသည့် ဒေသခံပြည်သူတစ်ဦးက ပြောသည်။
“ လက်နက်ကြီးသံကြားတော့ ဘာမှတောင် မယူနိုင်ဘူး တန်းပြေးရတာ၊ အခုတော့ ရွာထဲပြန်ဝင်ပြီ၊ လက်နက်ကြီးနဲ့ ဒီလိုပစ်တာက သိပ်မဆန်းတော့ပါဘူး။ သေသွားတဲ့နှစ်ယောက်ကိုတော့ ဒီနေ့ နေ့လယ်လောက်က သင်္ဂြိုဟ် ပေးလိုက်တယ်” ဟု ၎င်းကပြောသည်။
ယမန်နေ့ ( ဖေဖော်ဝါရီ ၂ရက် )၊ ည ၁၀နာရီခန့်ကလည်း ရွှေဘိုလေ့ကျင့်ရေးတပ် ၈ က ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာ ၊ လက်ပံကြီးကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။