ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ညောင်ခြေထောက်ရဲစခန်းကို ဖေဖော်ဝါရီ ၁ ရက်၊ ည ၈ နာရီအချိန်တွင် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စခန်းမှူးအပါအဝင် ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ရိုးမ ၂ စစ်ကြောင်းက ယနေ့သတင်းထုတ်ပြန်သည်။
အထက်ပါရဲစခန်းက ဒရုန်းဗုံးသီး ၂ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် စခန်းမှူး၊ နယ်ထိန်းနှင့် ဗိုလ်လေးစုစုပေါင်း ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် ညတွင်းချင်းတောင်ငူဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရိုးမ ၂ စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဗုံး ၂ လုံး တစ်ချိန်တည်း ကြဲခဲ့တာ၊ စခန်းထဲတည့်တည့်ကျသွားတော့ စခန်းမှူးကလက်ညှိုးပြတ်၊ ဗိုလ်လေးတစ်ယောက် လက်မောင်းထိ၊ နယ်ထိန်းရဲ ခြေထောက်ထိထားတယ်လို့သိရတယ်၊ နောက်ဆက်တွဲသေလား ၊ ရှင်လား သေချာမသိရသေးဘူး“ ဟု ၎င်းကရှင်းပြသည်။
ရဲစခန်း ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်ကာ အင်အားဖြည့်တင်းထားပြီး စစ်ဆေးရေးများပိုမိုများပြားလာသကဲ့သို့ မြို့တွင်း၌လည်း စစ်သားနှင့် ရဲများ ခြေရှုပ်နေကြောင်း ဒေသခံတစ်ဦးကဆိုသည်။
“စစ်သားတွေ၊ ရဲတွေကိုလဲပြောချင်တယ်၊ အာဏာရှင်တစ်စုအတွက် လက်ကိုင်တုတ်အဖြစ် အသက်ပေးထမ်းဆောင်မနေဘဲ၊ ပြည်သူ့ဘက်ကို မျက်နှာမူပေးကြပါ” ဟု အုတ်တွင်း ပ က ဖ ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အစပ် ခပေါင်းတံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။