ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးကျေးရွာ ၇ ရပ်ကွက်၌ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ကို ကလေးငယ် ၅ဦးက ဆော့ကရားမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ ကလေးငယ် ၃ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့(ဖေဖော်ဝါရီ ၂ရက်)၊ မနက် ၉နာရီခန့်တွင် ၁၀နှစ်အရွယ် ကလေးငယ် ၅ဦးသည် ဇယန်းကြီးကျေးရွာ အလယ်ရှိ အမှိုက်ပုံးတွင် ဗူးအခွံကောက်နေစဉ် လက်နက်ကြီးကျည်အားတွေ့ရှိ ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
“ကလေးဆိုတော့ ဘူးခွံမှန်းမသိ လက်နက်ကြီးကျည်မှန်းမသိဘဲ ယူဆော့လိုက်တာ၊ ၃ယောက်က နေရာမှာတင်သေသွားတယ်။ ကျန်တဲ့ကလေးတစ်ယောက်က သူ့အမေခေါ်လို့ပြန်သွားတယ်။ နောက်တစ်ယောက်က အဲ့ဒီလက်နက်ကြီး ကျည်ကိုပေါက်ဖို့ ကျောက်ခဲသွားရှာနေတဲ့အချိန် ကျန်တဲ့ကလေး ၃ယောက်က လက်နက်ကြီးကိုယူဆော့လိုက်တာ” ဟု ဇယန်းကြီးကျေးရွာ ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။
သေဆုံးခဲ့သည့် ကလေးငယ် ၃ဦးသည် အသက် (၆)နှစ်အရွယ် မောင်နေမင်းအောင်၊ အသက်(၉)နှစ်အရွယ် မောင်လှိုင်မင်းအောင်နှင့် အသက်(၁၁)နှစ်အရွယ် မောင်အောင်ကျော်ဇော် တို့ဖြစ်သည်။
နမ့်ဆန်မြို့အား တအာင်းတပ်မတော် TNLA ထိန်းချုပ်ပြီးနောက်ပိုင်း မိုင်းနှင့် လက်နက်ကြီးကျည်များကို ရှင်းလင်းခြင်း မပြုလုပ်ရသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“အခုလိုဖြစ်သွားတော့ မိဘဖြစ်သူက ရင်ကျိုးပြီလေ၊ လက်နက်ကြီးကျထားတဲ့နေရာကလည်း လူတွေမမြင်နိုင်တဲ့ အမှိုက်ပုံနားမှာဆိုတော့လေ ”ဟု ဇယန်းကြီးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် နမ့်ဆန်မြို့ရှိ ခရစ်ယန်ကလေးထိန်းကျောင်း၌လည်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များ ကျန်ရှိနေ သေးသဖြင့် ကျောင်းကိုမဖွင့်ရသေးကြောင်း မြို့ခံ အမျိုးသမီး တစ်ဦးကပြောသည်။
ထိုကဲ့သို့ နမ့်ဆန်မြို့အတွင်း လက်နက်အကြွင်းအကျန်များ ကျန်ရှိနေသဖြင့် ပြည်သူများ အချိန်မရွေး ဒုက္ခရောက်နိုင် သောကြောင့် လက်နက်ကြီးကျည်နှင့် မိုင်းများကို ရှင်းလေးပေးရန် ဒေသခံများက တောင်းဆိုနေကြောင်း သိရသည်။