ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ ခလရ ၂၅၀ လက်အောက်ခံ စစ်ကောင်စီတပ်စခန်းကြီး(ဒေသအခေါ် ဘလောင်ဒိန်ဆာစခန်း)ကို ယနေ့ (ဖေဖော်ဝါရီ ၂ ရက်)၊ မနက် ၇ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
ဘလောင်ဒိန်ဆာတပ်စခန်းကို ယမန်နေ့ (ဖေဖော်ဝါရီ ၁ ရက်)၊ မနက် ကိုးနာရီမှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးဌာနတွင် ဖော်ပြထားသည်။
“ မနေ့နဲ့ ဒီနေ့ နှစ်ရက်ပေါ့၊ အခုမနက်မှာတော့ ဘလောင်ဒိန်ဆာတပ်စခန်းကို သိမ်းနိုင်ခဲ့ပါတယ်။ မနေ့ညကတည်းက စစ်သားတွေထွက်ပြေးကြတာ၊ အခုကတော့ နယ်မြေရှင်းလင်းရေးဝင်နေပါတယ်” ဟု ရှေ့တန်းနှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲကို KIA တပ်မဟာ ၃၊ တပ်ရင်း ၂၇၊ ၁၊ ၁၂ နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဘလောင်ဒိန်ဆာတပ်စခန်းသည် ၂၀၁၁ ခုနှစ် ကချင်ပြည်နယ် တကျော့ပြန်စစ်ပွဲအတွင်း လက်လွှတ်ခဲ့ရသော စခန်းကုန်းတစ်ခုဖြစ်ပြီး၊ ယခုအချိန်မှသာ ပြန်လည် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
သိမ်းပိုက်နိုင်ခဲ့သည့် ဘလောင်ဒိန်ဆာတပ်စခန်းမှာ မံစီနှင့် မန့်ဝိန်းကြီးမြို့ကြားရှိ အရေးပါသော တပ်စခန်းတစ်ခုဖြစ်ပြီး၊ တပ်စခန်းအနီးရှိ ဒေသခံများမှာလည်း စစ်ဘေးရှောင်နေကြရကြောင်း မံစီဒေသခံ အမျိုးသားတစ်ဦးက ရှင်းပြသည်။
“ မံစီ၊ ရွှေကူ၊ ဗန်းမော် မြို့တွေက ထိစပ်နေတာ၊ မံစီမြို့နယ်ထဲမှာက ခဏခဏ စခန်းသိမ်းခံနေရတော့ အနီးနားက မြို့တွေလည်း ညမထွက်ရအမိန့်ထုတ်တာလည်း ရှိတယ်။ မှတ်ပုံတင်နံပါတ်လွဲတာကအစ စစ်တပ်က ဖမ်းပြီး ငွေညှစ်တာပဲ” ဟု ဗန်းမော်မြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်တွင်လည်း မံစီမြို့နှင့် မိုင် ၃၀ ခန့် အကွာ မံစီနှင့်မန့်ဝိန်းကြီးမြို့ကြားရှိ ကိုက်ထိပ်စစ်ကောင်စီတပ်စခန်းကိုလည်း KIAက သိမ်းပိုက်နိုင်ခဲ့သေးသည်။