ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီပြည်နယ်ရုံးစိုက်ရာ စစ်တွေမြို့တွင် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ည ၉ နာရီနောက်ပိုင်းအပြင်မထွက်ရန် စစ်ကောင်စီက ဒုတိယအကြိမ်အမိန့်ထုတ်ခဲ့ကြေင်း စစ်တွေမြို့ခံများထံက စုံစမ်းသိရှိရသည်။
“မနေ့က ညနေပိုင်းလောက် မြို့ထဲမှာလော်စပီကာတွေနဲ့ လိုက်အော်ပြီးကြေညာတာ။ ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း အပြင်မထွက်ရဘူး။ မလိုက်နာရင် ပြင်းပြင်းထန်ထန်အရေးယူမယ်တဲ့။ ဘယ်လို အရေးယူမလဲဆိုတာတော့ သူတို့ထည့်မကြေညာသွားဘူး”ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်ကလည်း စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်အားလုံးတွင် ည ၉ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို ပထမအကြိမ်ထုတ်ပြန်ခဲ့ပြီးနောက် ၃ လအကြာတွင် ဒုတိယအကြိမ် ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ညမထွက်ရ အမိန့်ဆိုတာက လုံခြုံရေးအရ လုပ်ရတာပေါ့။ ပြီးခဲ့တဲ့ လတုန်းကဆိုလည်း သံချပ်ကာကားတွေနဲ့ လှည့်တာတွေလည်းရှိတယ်။ ဒါတွေက သူတို့ဘက်ကတော့ လုပ်သင့်လို့ လုပ်တာပေါ့။ ဒါပေမယ့် ပြည်သူတွေကတော့ ထိတ်လန့်တယ်။ သူတို့ရှိနေတဲ့ စစ်တွေမှာတောင် တိုက်ပွဲတွေက ကြိုကြား၊ ကြိုကြားရှိနေတာဆိုတော့ စိုးရိမ်မှုတွေတော့ရှိတာပေါ့”ဟု စစ်တွေမြို့ပေါ်တွင်နေထိုင်သူ တစ်ဦးကဆိုသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြန်လည် စတင်ပြီးနောက် စစ်ကောင်စီ၏ ပြည်နယ်ကောင်စီရုံးရှိရာ စစ်တွေမြို့တွင် စစ်ကောင်စီက သံချပ်ကာကာများအသုံးပြုကာ အင်အားပြခြင်းများကိုလည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သေးသည်။
စစ်ကောင်စီအနေဖြင့် တိုက်ပွဲများပြန်လည်စတင်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှ စတင်၍ ရခိုင်ပြည်နယ်ရှိ ကုန်းလမ်း၊ ရေလမ်းများကို သွားလာခွင့်ပိတ်ထားခဲ့ပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်း၊ လမ်းသွားလမ်းလာများကို ပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိသလို စစ်တွေမြို့ရှိ ရေလမ်းကြောင်းအရ အရေးပါသော ဆတ်ရိုးကျတံတားအောက်နှင့် ကိုရီးယားဆိပ်ကမ်းတံတားအနီးတွင်လည်း တပ်စွဲထားကြောင်း ဒေသခံတစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်၊ မြောက်ပိုင်းရှိ မြောက်ဦးမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေပြီး ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းအချို့နှင့် တပ်ရင်း၊ တပ်မများကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားသည်။