ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စခန်းမှ ဖေဖော်ဝါရီ ၁ ရက်တွင်၊ နေ့လည်ပိုင်းတွင် ေကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သောကြောင့် ကျောက်ဖြူဒေသခံ ၅ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ကားလမ်းဘေးက ရွာတွေကို စစ်သားတွေ စစ်ကြောင်းထိုးလာတဲ့အချိန်မှာ တပ်တော်နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေဖြစ်တယ်။ ပြီးတော့ ရေတပ်ဌာနချုပ်ကနေ လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို လှမ်းပစ်တယ်။ တစ်ချို့ရွာတွေကိုတော့ လက်နက်ကြီးကျတယ်လို့ ပြောသံကြားပေမယ့် အတိအကျတော့ မသိဘူး။ အူချေရွာထဲကိုတော့ လက်နက်ကြီးကျလို့ အိမ်တစ်လုံးတော့ မီးလောင်သွားတယ်”ဟု ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောသည်။
ရေတပ်ဌာနချုပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အူချေရွာသား ၁ ဦးအပါအဝင် ဇင်ချောင်းမြို့မှ ဈေးဝယ်ပြီးပြန်လာသော အရပ်သားပြည်သူ ၅ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်းသတင်းထုတ်ပြန်ခဲ့သည်။
“ဈေးဝယ်ပြန်လာတဲ့သူတွေက ကားနှစ်စီးနဲ့ပါ။ သူတို့က ကျောက်ဖြူကားလမ်းမှာ တိုက်ပွဲဖြစ်နေတယ်ကြားလို့ အူချေရွာနားမှာ ကားရပ်ပြီးစောင့်နေကြတာ။ အဲ့ဒီအချိန်မှာ လက်နက်ကြီးက ရွာထဲကိုကျတော့ သူတို့ကားကို ထိသွားတယ်။ ကားပေါ်ပါတဲ့ ယာဉ်မောင်းရော ခရီးသည်တွေရော ထိခိုက်သွားတယ်”ဟု အူချေကျေးရွာတွင်နေထိုင်သူတစ်ဦးကဆိုသည်။
လက်နက်ကြီးထိမှန်ဒဏ်ရာရရှိသွားသည့် အသက် ၂၃ နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများကို မင်းပြင်ဆေးရုံနှင့် ဇင်ချောင်းတိုက်နယ်ဆေးရုံများသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းတစ်ခုဖြစ်သော ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်တွင် ရက္ခိုင့်တပ်တော် AA က ပထမဆုံးအကြိမ်အဖြစ် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်ကလည်း ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သေးသည်။