စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ အထက(၁)ကျောင်း အခြေစိုက်စစ်တပ်ကို ဒေသခံ PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ရက်၊ နံနက် ၉ နာရီခန့်တွင် PDF တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း People’s Defence Force Myinmu (DK PDF-MMU)ထံက သိရသည်။
” အာဏာသိမ်း ၃ နှစ်ပြည့် မကျေနပ်လို့ သွားတိုက်တာ။ အပြန်အလှန်ပစ်ခတ်မှုတော့ ဖြစ်ခဲ့တယ်။အခုထိ ခွေးတွေက ပြည်သူ့ရင်ခွင်မခိုလှုံဘဲ ပြည်သူကိုဒုက္ခပေးနေကြတာ” ဟု Dog Killers People’s Defence Force Myinmu (DK PDF-MMU)၏ သတင်းတာဝန်ခံက ဆိုသည်။
အပြန်အလှန်ပစ်ခတ်မှု ၄၅မိနစ်ခန့် ကြာခဲ့ပြီးနောက် PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
” စစ်တပ်က အသေအဆုံးက ချက်ချင်းကြီးမသိရသေးဘူး။ ကျနော်တို့အဖွဲ့က ငြိမ်သွားပြီး အပစ်နားသွားတဲ့အချိန် ကင်းထောက်တဲ့ ရဲဘော်တွေက ပြန်ထောက်ရတယ်။ ပြန်ထောက်ကြည့်တဲ့အခါ ၅ဦးသေတာကို အတည်ပြုနိုင်တယ်” ဟု မြင်းမူဖိုက်တာမှ ရဲဘော်မင်းသူက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK PDF-MMU)၊ ၊ဒေါင်းဘုရင် ၊ဇေယျာရွှေမြေ၊PKDF(MMU)၊ မြင်းမူဖိုက်တာ၊မိုးညို၊အနောက်ခြမ်း ပ.က.ဖ ၊ DBBF(MMU) နှင့်KnightCommanders (MMU) တို့ ပူးပေါင်းဆင်နွှဲခဲ့ကြကြောင်း သိရသည်။
စစ်သားများသေဆုံးမှုအပေါ် MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။