စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မအူစစ်ဆေးရေးဂိတ်စခန်းနှင့် ညောင်ဖြူပင်ရဲစခန်းတို့ကို ဒရုန်းများအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားငါးဦးသေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း – MSPDF က ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်၊ နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်သားများ အခြေချနေထိုင်သော မအူစစ်ဆေးရေး ဂိတ်စခန်းကို “ Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone အသုံးပြု၍ AIR BOMB (၄)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ မအူဂိတ်က မုံရွာတောင်ဘက်အထွက်ကပ်လျက်မှာရှိပါတယ်။ အာဏာသိမ်းပြီးကတည်းက ကွက်တိကွက်ကြားလာစစ်တယ်ဗျ၊ အထိုင်ဖြစ်သွားတာ သိပ်မကြာသေးဘူး။ လမ်းသွားလမ်းလာတွေကိုလည်း ငွေညှစ်တယ်။ စစ်သားငါးဦးသေဆုံးတာနဲ့ ဒဏ်ရာရတာကို မြေပြင်ကင်းထောက်က အတည်ပြုပါတယ်” ဟု စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း – MSPDF ၏ ပြန်ကြားရေးတာဝန်ခံ ကိုတေဇက MPA သို့ ပြောသည်။
အလားတူ မုံရွာမြို့ရှိ ညောင်ဖြူပင်ရဲစခန်းကို ဇန်နဝါရီ ၃၁ ရက်၊ ညနေ ၆ နာရီမှ ၇ နာရီခန့်အထိ “ Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB (၆)လုံးကြဲချ၍ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ ညောင်ဖြူပင်ရဲစခန်းတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုကို စုံစမ်းနေဆဲပါ” ဟု ကိုတေဇက ပြောသည်။
အဆိုပါတိုက်ခိုက်မှုများကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း – MSPDF/MSDF၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း-NRDF၊ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း-တပ်ခွဲ(၂)၊ မုံရွာခရိုင်အမှတ်(၉)တပ်ရင်း၊ မုံရွာခရိုင်အမှတ်(၅)တပ်ရင်း၊ မုံရွာခရိုင်အမှတ်(၇) တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ်(၃) တပ်ရင်း၊ CHAUK PDF၊ Special Guerrilla Force Monywa တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
“ မုံရွာ – ချောင်းဦးလမ်းတလျှောက်ကတော့ စစ်ကောင်စီတွေ အတော်ဆိုးပါတယ်။ မုံရွာဘက်ခြမ်းမှာဆို စွမ်းရည်ထက်ဂိတ်က အဆိုးဆုံးပါ” ဟု မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်တွင် MSPDF နှင့် မဟာမိတ်တပ်ဖွဲ့များမှ မုံရွာမြို့ရှိ စွမ်းရည်ထက်ဂိတ်စခန်းကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့သေးသည်။