စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာ – မန္တလေးကားလမ်းပေါ်ရှိ နတ်လူထိပ်ပန်ရပ်ကွက်ရုံးတွင် တပ်စွဲထားသော စစ်သား၊ ရဲနှင့် ပျူစောထီး အင်အား ၁၅ဦးခန့်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ရက်၊ ညနေ ၅နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦးသေဆုံးခဲ့ကြောင်း Golden Eagle Force – Monywa က ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
“ အဲ့ဒီ့ရုံးမှာ တပ်စွဲထားတာက လအနည်းငယ်ကြာပါပြီ၊ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးတာကို မျက်မြင်နဲ့ အတွင်းသတင်းနဲ့ပေါင်းပြီး အတည်ပြုခဲ့တာပါဗျ၊ ဒဏ်ရာရရှိသူတွေလည်း များပါတယ်” ဟု Golden Eagle Golden Eagle Force – Monywa တပ်ဖွဲ့ခေါင်းဆောင် ကိုလင်းယုန်က MPA သို့ ပြောသည်။
ထိုကဲ့သို့ တိုက်ခိုက်မှုအပြီး ထိခိုက်ဒဏ်ရာရရှိသူများနှင့် အလောင်းများကို နာရေးကားဖြင့် လာရောက်သယ်ဆောင်ခဲ့ပြီး၊ အနီးပတ်ဝန်းကျင်ကို အိမ်စီးကားနှစ်စီးဖြင့် ကင်းပတ်မှုများရှိခဲ့ကြောင်း ကိုလင်းယုန်က ဆက်လက်ရှင်းပြသည်။
အဆိုပါတိုက်ခိုက်မှုကို Golden Eagle Force – Monywa ၊ Ka Naung Min Tar Gyi (Monywa) ၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ နှင့် မုံရွာဘီလူးမြို့ပြပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
“ မုံရွာမှာ စက်မှုဇုန်ဘက်နဲ့ နတ်လူထိပ်ပန်ရပ်ကွက်နဲ့ကတော့ အသွားအလာအရမ်းဆင်ခြင်ရတယ်” ဟု မုံရွာ စက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
“ အဲ့ဒီ့နတ်လူထိပ်ပန်ရပ်ကွက်မှာက အရင်ကလည်း ပြည်သူတွေကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး ငွေညှစ်၊ ဖမ်းဆီးတာတွေ လုပ်တာပဲ၊ အဓိကလမ်းမကြီးဆိုတော့ လုပ်ကွက်ရနေတဲ့ သဘောပေါ့” ဟု မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။