မန္တလေးတိုင်း ၊မိုးကုတ်မြို့နေ ပြည်သူတို့ ညီညွတ်စွာဖြင့် အသံတိတ်သပိတ် ဆင်နွှဲကာ စစ်ကောင်စီကို ပြတ်သားစွာဆန့်ကျင်ခဲ့ကြကြောင်းသိရသည်။
ယနေ့(ဖေဖေါ်ဝါရီ၁ရက်)တွင် မိုးကုတ်မြို့အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ စျေးများ၊ကျောက်မျက်ထာပွဲများတွင် လူမရှိသလောက်နည်းနေပြီး လမ်းသွားလမ်းလာများလည်းရှင်းလင်းနေကြောင်း မြို့ခံတစ်ဦးကပြောသည်။
“ စျေးတွေလည်းအကုန်ပိတ်တယ်။ဘယ်သူမှမရှိဘူး။မဖြစ်မနေထွက်တဲ့သူတွေနည်းနည်းပဲရှိတယ်။ လမ်းပေါ်ဆိုလည်းရှင်းလင်းနေတာပဲ။ ပြည်သူအကုန်ပါဝင်ကြတယ်။ဖွင့်တဲ့ဆိုင်တချို့တော့ဖွင့်ပေမယ့်အရင်လိုပုံမှန်တော့မစည်ဘူး” ဟု ၎င်းကပြောသည်။
မိုးကုတ်မြို့ရှိ လူအစည်ကားဆုံးနေရာများဖြစ်သည့် ကျောက်မျက်ထာပွဲစျေးနှင့် စည်ပင်စျေးတို့ တွင်ပါလူမရှိသလောက်နည်းနေသည်ဟု မိုးကုတ်မြို့အနောက်ပိုင်းနေပြည်သူတစ်ဦးကပြောသည်။
“ ထာပွဲ(ကျောက်မျက်စျေး)မှာဆိုအရင်ကလူများလို့ တိုးလို့တောင်မရဘူး။ဒီနေ့တော့လူ ၂၀ လောက်ပဲရှိတယ်။မစည်ဘူးလို့ပြောရမှာပေါ့။လမ်းပေါ်မှာလည်း လူမရှိဘူး” ဟု ၎င်းကပြောသည်။
ပြည်သူ့နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် လူထုတိုက်ပွဲခေါ်သံအဖြစ် အသံတိတ်သပိတ်ကို ဖေဖော်ဝါရီ ၁ရက်၊နံနက် ၁၀နာရီမှ ညနေ ၄နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ညနေ ၄နာရီနောက်ပိုင်းမှသာ မိုးကုတ်မြို့ လမ်းမပေါ် ပြည်သူများ သွားလာနေသည်ကို ပြန်တွေ့ရကြောင်း သိရသည်။