စစ်ကိုင်းတိုင်း၊ ကနီမြို့တွင် အသံသပိတ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
အသံတိတ်သပိတ်ဆင်နွှဲသည့် ယနေ့(ဖေဖေါ်ဝါရီ၁ရက်)နံနက် ၁၀နာရီမှစတင်ကာကာ ကနီမြို့ပေါ်ရှိ လမ်းမများပေါ် လူအသွားအလာ လုံးဝမရှိကြောင်း မြို့ခံများထံက သိရသည်။
“ ဒီနေ့ကတော့ အားရတယ်။ လမ်းမကြီးပေါ်မှာလည်း ညနေ ၄နာရီအထိ ဘာလူမှ သွားလာတာမျိုးမတွေ့ရဘူး။ ပြည်သူတွေ ညီညွတ်ကြတယ်။ အခုလို မြင်ရတွေ့ရတော့ အားတက်ရပါတယ်” ဟု ကနီမြို့နယ်သပိတ်အင်အားစုအဖွဲ့ဝင် မစန္ဒာအောင်က ပြောသည်။
ကနီမြို့ ကားလမ်းမကြီးများထက်တွင်သာ သွားလာလှုပ်ရှားမှုမရှိခြင်း မဟုတ်ဘဲ ရေကြောင်းဖြစ်သည့် ချင်းတွင်းမြစ်အတွင်း သွားလာသည့် မော်တော် အမြန်ယာဥ်များလည်း မရှိကြောင်း ၎င်းကပြောသည်။
ကနီမြို့၏ အဝင်ဖြစ်သည့် ရေဝါချောင်းတံတား၊ကနီ – ဘုတလင်လမ်း၊ ကနီ- ညောင်ကန်လမ်း၊ကနီ – မုံရွာလမ်း၊ကနီ – ယင်းမာပင်လမ်း၊ ကနီ _ ဘုတလင်လမ်းနှင့်ကနီ _ မင်းကင်း လမ်းမကြီးများထက်တွင်လည်း မည်သည့်ယာဥ်မျှ သွားလာဖြတ်သန်းခြင်း မရှိကြောင်း သိရသည်။
” မြစ်ထဲမှာလည်း ယာဥ်အသွားအလာမရှိဘူး။ဒီနေ့ကတော့ အသံတိတ်သပိတ်ဆိုသလိုပဲ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ အပ်ကျရင်တောင် ကြားရလောက်တဲ့အထိ ငြိမ်သက်နေကြတယ်။ ဆက်လက်အားတင်းထားကြဖို့ လိုပါတယ်” ဟု ကနီ LPDF ရဲဘော်တစ်ဦး ကဆိုသည်။
ပြည်သူ့နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် လူထုတိုက်ပွဲခေါ်သံအဖြစ် အသံတိတ်သပိတ်ကို ယနေ့(ဖေဖော်ဝါရီ ၁ရက်)နံနက် ၁၀နာရီမှ ညနေ ၄နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။