စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက ပြည်သူ ၃ဦးအား သတ်ဖြတ်၍ ကလုန်ကျေးရွာနှင့် သာဝထီကျေးရွာအား မီးရှို့သွားကြောင်း သိရသည်။
ယမန်နေ့ ( ဒီဇင်ဘာ ၃၁ရက် )က ရေဦးမြို့ပေါ်မှ ထွက်လာသော အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ပျဉ်ထောင်ပျူစောထီးကျေးရွာ၌ ညအိပ်ပြီး မနက် ၅နာရီခွဲခန့်တွင် ခင်ဦးမြို့နယ် ကင်းပြစ်ကျေးရွာနှင့် ကလုံကျေးရွာသို့ ဝင်ရောက်ခဲ့ကြောင်း အမည်မဖော်လိုသော ဒေသခံပြည်သူတစ်ဦးက MPA သို့ပြောသည်။
“ ဇက်ဖြတ်သတ်သွားတယ်။ ပြည်သူတွေပဲ၊ သူတို့နဲ့မိတဲ့ဟာတွေကို ဘာအကြောင်းအရာနဲ့ သတ်သွားလည်းမသိဘူး။ ဝေလီဝေလင်း ၅နာရီခွဲလောက်ကြီးဝင်တာဆိုတော့ ရှောင်တိန်းချိန်မရလိုက်ကြဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
သတ်ဖြတ်ခံရသူများသည် ကလုံရွာမှ ဦးရဲအောင် ၊ သရက်ကုန်းရွာမှ ဦးသိန်းထွန်း ၊ ကင်းမြစ်ရွာမှာ ဦးရဲအောင်တို့ဖြစ်ကြပြီး အသက်အရွယ်အားဖြင့် လူလတ်ပိုင်းများဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
“ အဲဒီစစ်ကြောင်းက ပြည်သူတစ်ဦးကို ဖမ်းခေါ်သွားတယ်။ ဘာလို့ခေါ်တာလဲ ၊ ဘယ်သူဘယ်ဝါဆိုတာတော့ သေချာမသိဘူး” ဟု ၎င်းက ပြောသည်။
ယနေ့ ( ဖေဖော်ဝါရီ ၁ရက် )၊ မနက် ၇နာရီခန့်ကလည်း ကလုံကျေးရွာကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၅လုံးခန့် မီးလောင်ပြာကျခဲ့ကြောင်းသိရသည်။
“ ဘာတိုက်ပွဲမရှိ ထိတွေ့မှုမဖြစ်ဘဲ သက်သက်ကြီးကိုရှို့သွားတာ၊ ၁၅လုံးလောက်ပါသွားတယ်။ လောလောဆယ် သိရသလောက်ပါ” ဟု ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
ယင်းစစ်ကြောင်းသည် နေ့လယ် ၁၂နာရီ ၃၀မိနစ်ခန့်က သာဝထီကျေးရွာကိုလည်း စတင်မီးရှို့နေပြီး မွန်းလွဲ ၂နာရီခန့်အထိ ယင်းကျေးရွာထဲ၌သာ ရှိနေသေးကြောင်း ၊ မီးလောင်ဆုံးရှုံးမှုများအား သိနိုင်ရန် ခက်ခဲကြောင်း ၎င်းကပြောသည်။
ယင်းသို့စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ရေဦးမြို့ရှိ ဒေသခံ ၈ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။