စစ်တပ်အာဏာသိမ်းမှု (၃)နှစ်ပြည့်တွင် မန္တလေးမြို့ရှိ မြို့နေပြည်သူများပါဝင်ဆင်နွှဲသည့် အသံတိတ်သပိတ် (Silent Strike) အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း မန္တလေးမြို့ခံများထံကသိရသည်။
“ ရတဲ့နေရာကနေ ရသလိုပုန်ကန်ရမယ်၊ အာဏာသိမ်းတာကိုလက်မခံနိုင်ဘူး ၊ ငါတို့ထည့်ခဲ့တဲ့မဲတွေကို ငါတို့တန်ဖိုးထားတယ် ၊ မှန်မှန်ကန်ကန် ငါတို့ရွေးချယ်ခဲ့တယ်” ဟု ချမ်းအေးသာစံမြို့နယ်ရှိ Silent Strike တွင်ပါဝင်ခဲ့သူတစ်ဦးကဆိုသည်။
ချမ်းမြသာစည်မြို့နယ်အတွင်း ခေါက်ဆွဲရောင်းချသူတစ်ဦးကလည်း ” ဆိုင်ဖွင့်ထားတယ်။ ဆိုင်ပိတ်ရင်လာဆွဲလိမ့်မယ်။ ဆိုင်ဖွင့်ထားပေမယ့် ကိုယ့်အခန်းထဲမှာပဲကိုယ်နေတယ်။ အင်္ကျီအဖြူဝတ်တယ်” ဟု Silent Strike တွင် ၎င်းပါဝင်ဆင်နွှဲနေပုံကို ရှင်းပြသည်။
စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးကော်မတီက အသံတိတ်သပိတ်တွင် ပါဝင်သည့် ဆိုင်များ၊ ဈေးများကို ပိတ်သိမ်းအရေးယူမှုများ ပြလုပ်မည်ဟု ခြိမ်းခြောက်ထားသော်လည်း မန္တလေးမြို့ရှိ ဈေးဆိုင်အများစုမှာ အသံတိတ်သပိတ်တွင်ပါဝင် ဆင်နွှဲလျက်ရှိကြသည်။
“ မနက် ၁၀ နာရီထိုးခါနီးအထိပဲ ပါဆယ်တွေပို့တယ်၊ ကျန်တဲ့အချိန်တွေက အိမ်မှာပဲဒီအတိုင်းထိုင်နေတာ” ဟု အသံတိတ်သပိတ်ကို ပါဝင်ဆင်နွှဲနေသည့် အစားအသောက်ပို့ဆောင်သူ လူငယ်တစ်ဦးကပြောသည်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အသိတိတ်သပိတ် (Silent Strike) ကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲနေကြပြီး မြို့နေပြည်သူများမှာလည်း အဆိုပါသပိတ်တွင် ပူးပေါင်းပါဝင် ဆင်နွှဲလျက်ရှိသည်။