စစ်ကောင်စီအာဏာသိမ်းမှု ၃ နှစ်ပြည့်သည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်အာဏာသိမ်းခြင်းကို ဆက်လက်ဆန့်ကျင်သည့်အနေဖြင့် မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းများကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီအာဏာသိမ်းမှု ၃ နှစ်ပြည့်သော်လည်း ပြည်သူများအနေဖြင့် လုံးဝလက်မခံဘဲ ဆက်လက်တော်လှန်နေဆဲဖြစ်ကြောင်းကို ပြသလိုခြင်းကြောင့် လက်နက်ကြီး အလုံး(၁၀၀)နီးပါးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ပွဲစီစဥ်သူ ကိုဇော်ပျံက MPA ကိုပြောသည်။
“ မြိုင်မြို့ဟာ ကျုပ်တို့ဒေသရဲ့ အားထားရာမြို့ပါ။ ခွေးတွေ(စကစ)ရှိနေတော့ ပြည်သူတွေ အသွားအလာ မလွတ်လပ်ဘူး။ မြို့ပေါ်က တော်လှန်ရေးသမားတွေလည်း အိမ်ပြန်ချင်ပြီ အဲ့ဒါကြောင့် ပွဲစီစဥ်ရတာပါ” ဟု ၎င်းကပြောသည်။
မြိုင်မြို့ပေါ်တွင် စစ်ကောင်စီက အင်အား ၁၀၀ ခန့်ဖြင့် နေရာ ၅ နေရာ၌ စခန်းချတပ်စွဲထားခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ၂ နာရီကြာလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ စစ်ကောင်စီဘက်ကလည်း မိနစ် ၂၀ ခန့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
“ ကျွန်တော်တို့ပစ်ပြီး ပြန်လာမှအတွင်းသတင်းက ပြန်ကြားရတာဗျ။ ဒီကောင်တွေ(စကစ)ရဲ့ ဂိတ်ရှေ့ကို လက်နက်ကြီးကျပြီး ၂ ယောက်သေသွားတယ်။ ကျန်တဲ့ထိခိုက်ဒဏ်ရာရတာတွေတော့ အသေးစိတ်မသိရသေးဘူး။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိပါဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို MPL တိုက်နယ် ၄ ပကဖ၊ ပခုက္ကူခရိုင်တပ်ရင်း(၆) MVRF၊ အညာဒေါင်း၊ သိန်းငှက်နီ၊ အညာမုန်တိုင်း၊ Gen-21၊ Mying Fighter၊ Eagle Brigade၊ ကျော်ထက်အောင်၊ ဦးလေးကြီး၊ အမေ့သား၊ ထိရှ၊ မိုင်းတစ်ထောင် ဗိုလ်ပြောင်၊ မောင်ကင်း၊ မောင်ရှိုင်း၊ ဂိတ်ဆုံး၊ နေမင်း ၊ နှလုံးလှလူမိုက်နှင့် ဒေါင်းလံလွှင့်မည့် စေတမာန်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ မြိုင်မြို့ပေါ်ကို မနှစ်က ၉ လပိုင်းလောက်ကတည်းက PDF တွေက ရိက္ခာဖြတ်ထားတာ။ ဒါပေမဲ့ မြို့ပေါ်မှာနေတဲ့လူတွေလည်း အတော်များများရှိပါသေးတယ်” ဟု မြိုင်မြို့ပေါ်မှ ထွက်ခွာလာသည့်အမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်ကလည်း ၁၀၂၇ စစ်ဆင်ရေး ၃ လပြည့်ကို ထောက်ခံကြိုဆိုသည့်အနေဖြင့် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာရှိ စစ်ကောင်စီစခန်းများကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး အလုံး ၂၅၀ နီးပါးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။