စစ်အာဏာသိမ်းမှု ၃နှစ်ပြည့်ဖြစ်သည့် ယနေ့တွင် စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်အ တွင်း ဒေသခံ တစ်သောင်းခန့်မှာ စစ်ကြောင်းရှောင် ထွက်ပြေးနေရကြောင်း သိရသည်။
ရေဦးမြို့နယ်မှ ထွက်ခွာလာသည့် စစ်သားအင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ယနေ့ (ဖေဖေါ်ဝါရီ၁ရက်)နံနက် ၁၀ နာရီခန့်က ခင်ဦးမြို့နယ်အတွင်းသို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာခဲ့ရာ ခင်ဦးမြို့နယ်၊ကျေးရွာ၁၂ ရွာက ဒေသခံများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် ကြရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး ထံက ပြောသည်။
“ အာဏာသိမ်း(၃)နှစ်ပြည့်နေ့မှာ ဒေသခံသောင်းနဲ့ချီပြီး စစ်တပ်ကြောင့် တိမ်းရှောင်နေရတယ်။နေပူကျဲကျဲကြီးမှာ ပြေးရ လွှားရနဲ့ ဒုက္ခရောက်ရတယ်” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းရှိ မြင်းကျ၊သာဝတ္ထိ၊ကလုံ၊ပျဥ်ထောင်၊ကျီးအုပ်၊ယာတော်၊မြင်းဒေါင်း၊သရက်ပင်စု၊ကားဆိပ်၊ကျွန်းတောလေး၊ရှင်မင်းတွေနှင့်တဲစုရွာမှ ဒေသခံများ အရေးပေါ်စစ်ရှောင်နေရခြင်းဖြစ်သည်။
“ စစ်ကြောင်းဝင်ပြီဆိုတော့ ကြိုပြီးထုပ်ထားတဲ့ အဝတ်ထုပ်နဲ့ ထမင်း ၊မုန့် ၊စားစရာလေး ထည့်လာခဲ့ရတာပဲ။ ဒီဘက် သူတို့နဲ့နည်းနည်းဝေးတဲ့နေရာ ရောက်တော့မှ ချက်ပြုတ်စားသောက်ရတာ။မနက်ကစ ဘာမှမစားလာခဲ့ရဘူး။ နေကပူပူ ဖုန်ကထောင်းထောင်းနဲ့ မတတ်နိုင်ဘူး။ အသက်မသေအောင်တော့ ပြေးရတော့တာပဲ” ဟု သာဝတ္ထိရွာသူတစ်ဦးက MPA သို့ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ယနေ့ မွန်းလွဲ ၁ နာရီအထိ သာဝတ္ထိကျေးရွာတွင် ဝင်ရောက်တပ်စွဲနေ ကြောင်း သိရသည်။